ဂျပန်နိုင်ငံရဲ့ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ဆိုတာ စစ်တပ်လား? စစ်တပ်ဖွဲ့စည်းဖို့တားမြစ်ထားတဲ့ ဂျပန်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ
ဂျပန်ရဲ့ စစ်တပ်အင်အားဟာ ကမ္ဘာမှာအဆင့်ဘယ်လောက်ရှိတယ်ဆိုတာ စာဖတ်သူတို့သိပါသလား?
စာရင်းအင်းအချက်အလက်အရာ ကွဲပြားမှုတွေရှိပေမယ့် အဆင့် ၅ (သို့)အဆင့် ၈ မှာရှိတယ်လို့ပြောကြပါတယ်။
အနည်းနဲ့အများ ကွာခြားချက်အချို့တော့ရှိပေမဲ့၊ စစ်ဘက်ဆိုင်ရာအင်အား ရှိသင့်သလောက်ရှိပြီး၊ အခုထိတော့ နောက်ဆုံးစစ်ပွဲကို မဆင်နွှဲရသေးတဲ့ စစ်ပွဲကာလဖြစ်နေဆဲဖြစ်တဲ့ ကိုရီးယားထက်တော့ အဆင့်မြင့်တယ်လို့ပြောရင် အံ့သြသွားမယ်လို့ထင်ပါတယ်။
တင့်ကားတွေကို တိုင်းပြည်တွင်းမှာတင်ထုတ်လုပ်နေပြီး၊ တိုက်လေယာဉ်ကိုတော့ အမေရိကန်ထုတ်ကိုအသုံးပြုနေပေမဲ့၊ ကိုယ်တိုင်ထုတ်လုပ်နိုင်အောင်လည်း ဆက်လက်လုပ်ဆောင်နေပါတယ်။
သင်္ဘောနဲ့ပတ်သက်လာရင် အရွယ်အစားသေးငယ်ပေမဲ့၊ အတော်လေးစွမ်းဆောင်ရည်မြင့်မားတဲ့အရာကိုဖန်တီးနေပြီး၊ ရေငုတ်သင်္ဘောရဲ့ဂုဏ်သတင်းကလည်း အတော်လေးကျော်ကြားပါတယ်။
ဒီနောက်ပိုင်းမှာတေ့ ဒီလိုအရာကိုပါ ဖန်တီးပြုလုပ်နေပါတယ်
https://news.yahoo.co.jp/byline/takahashikosuke/20210831-00255826
ဘယ်လိုပဲကြည့်ကြည့် လေယာဉ်တင်သင်္ဘောပါ။
ကာကွယ်ရေးအသုံးစရိတ်အဖြစ် တစ်နှစ်လျှင် ယန်း ၅ ထရီလီယံအထိ သုံးစွဲပါတယ်။
သို့သော် စာဖတ်သူတို့သိပါသလား?
ဂျပန်နိုင်ငံရဲ့ အခြေခံဖွဲ့စည်းပုံဥပဒေဟာ စစ်တပ်ဖွဲ့စည်းမှုကို တားမြစ်ထားပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်းအရာကို နားလည်ရခက်တဲ့အရေးအသားနဲ့ ရေးသားထားပေမဲ့၊ ဖွဲ့စည်းပုံအခြေခံပုဒ်မ ၉ မှာတော့ နည်းနည်းနားလည်လွယ်အောင်ရေးသားထားပါတယ်။
ဂျပန်နိုင်ငံသားများသည် တရားမျှတမှုနှင့် ဥပဒေစည်းမျဉ်းအားအခြေခံသည့် နိုင်ငံတကာငြိမ်းချမ်းရေးကို လိုလားပြီး၊ စစ်ပွဲနှင့် စစ်အင်အားမှ ပေါ်ထွက်လာသည့် ခြိမ်းခြောက်မှုစသည်တို့ကို နိုင်ငံတကာအငြင်းပွားမှုဖြေရှင်းရေးအတွက် နည်းလမ်းတစ်ခုအနေနဲ့ လုံးဝမသုံးပါ။
ထို့အပြင် ဤရည်မှန်းချက်ကို ဖြည့်ဆည်းရန်အတွက် ကြည်း၊ရေ၊လေအပြင် အခြားသောစစ်အင်အားကို မဖွဲ့စည်းပါ။
ဆိုပြီး ဖော်ပြထားပါတယ်။
ဒါဆိုရင် ဒီကမ္ဘာ့အဆင့် ၅ ရှိစစ်အင်အားဆိုတာကရော ဘာများလဲ?
ဒီဂျပန်နိုင်ငံရဲ့ အခြေခံဖွဲ့စည်းပုံဥပဒေဟာ စစ်ရှုံးသွားတဲ့ဂျပန်အတွက် မဟာမိတ်နိုင်ငံတွေကထုတ်ပြန်ထားတဲ့အချက်တွေအပေါ် အခြေခံပါတယ်။ ဒါဟာရှုပ်ထွေးခြင်းရဲ့ အစပဲဖြစ်ပါတယ်။
ဘာကြောင့်ဖွဲ့စည်းပုံအခြေခံဥပဒေက ဒီလိုဖြစ်နေရသလဲဆိုရင်
စစ်ပွဲရဲ့တာဝန်ရှိသူက ဘယ်သူလဲ? ဆိုတဲ့ စစ်ပြီးတဲ့ခေတ်စီမံဆောင်ရွက်မှုပြဿနာနဲ့ ဆက်စပ်နေပါတယ်။
အခြေခံအားဖြင့်တော့ စစ်ပွဲရဲ့တာဝန်ရှိသူဟာ တိုင်းပြည်အကြီးအကဲဖြစ်သူ ဧကရာဇ်ပဲမဟုတ်လားဆိုတဲ့ မဟာမိတ်နိုင်ငံတွေရဲ့ အတွေးအခေါ်ဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန်စစ်တပ်ကနေစေလွှတ်လိုက်တဲ့ Douglas MacArthur ဟာ ဂျပန်ကိုရောက်လာပြီးနောက် အတွေးပြောင်းသွားပြီး ဧကရာဇ်စနစ်ကို ဆက်ပြီးထားမယ်လို့လုပ်လိုက်ပါတယ်။
ဧကရာဇ်ကိုအပြတ်ရှင်းဖို့ စိတ်အားထက်သန်ခဲ့တဲ့ MacArthur ဟာ ဘာကိုတွေ့ပြီး၊ ဘာကိုကြားလို့ အတွေးကိုပြန်ပြောင်းလိုက်လဲဆိုတော့ သေချာမသိပါဘူး။
စိတ်ဝင်စားဖို့ကောင်းတဲ့ ကောလဟလတော့ရှိတယ်။ အဲ့ဒါကိုတော့ နောက်တစ်ခေါက်ကြုံလာတော့မှ ပြောပြပါမယ်..
စကားပြန်ဆက်တဲ့အခါမှာ၊ MacArthur ဟာ စိတ်ပြောင်းသွားပေမဲ့၊ အခြားသောမဟာမိတ်နိုင်ငံတွေရဲ့သဘောကိုလည်း မေးဖို့လိုအပ်သေးတယ်။
စစ်ပွဲတာဝန်ရှိသူကိုအမဲဖြတ်မယ့်လူတွေဆီကနေ အာရုံလွှဲဖို့ရည်ရွယ်ပြီး စီစဉ်လိုက်တဲ့အရာကတော့၊ စစ်တပ်မရှိသောငြိမ်းချမ်းရေးဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတဲ့အရာပဲဖြစ်ပါတယ်။
စစ်တပ်မရှိဘူးဆိုရင် စစ်ဖြစ်လာစရာအကြောင်းလည်းမရှိဘူးပေါ့? ဒါဆိုအားလုံးစိတ်ချရပြီး ဆိုတဲ့ပုံစံမျိုးဖြစ်ပါတယ်။
ဒါဆိုဘာကြောင့် စစ်အင်အားကိုစတင်ပိုင်ဆိုင်လာရသလဲလို့မေးရင် ဒါကလည်းနောက်ထပ်အမေရိကန်ကိုဗဟိုပြုထားတဲ့ မဟာမိတ်နိုင်ငံပြဿနာကြောင့်ပဲဖြစ်ပါတယ်။
မဟာမိတ်နိုင်ငံတွေက စစ်တပ်မရှိတဲ့ဂျပန်ကိုစောင့်ရှောက်ကြပေမဲ့၊ ၁၉၅၀ ခုနှစ်မှာ ကိုရီးယားစစ်ပွဲဖြစ်ပွားတဲ့အခါ၊ ဂျပန်ကိုအကာအကွယ်ပေးမှုက ပျောက်သွားတယ်။ ပြီးတော့ ဂျပန်နိုင်ငံကိုတောင်းဆိုပြီး အမျိုးသားရဲအရန်တပ်ဖွဲ့ ဆိုတဲ့အရာကိုဖွဲ့စည်းလိုက်ပါတယ်။
ရဲတပ်ဖွဲ့ကိုအင်အားဖြည့်တဲ့အနေနဲ့ အားကောင်းတဲ့လက်နက်တွေကို တပ်ဆင်လာစေပါတယ်။
ဒီအဖွဲ့ဟာနောက်ပိုင်းမှာ အမျိုးသားလုံခြုံရေးတပ်ဖွဲ့ကနေတစ်ဆင့် ၁၉၅၄ ခုနှစ်မှာ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ဆိုပြီး ဖြစ်လာပါတော့တယ်။
စစ်တပ်လည်းမဟုတ်၊ ရဲတပ်ဖွဲ့လည်းမဟုတ်တဲ့ စစ်အင်အားဖြစ်သောကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ ပေါ်ပေါက်လာပေမယ့် ၎င်းကနိုင်ငံတော်ကာကွယ်ရေးအတွက်ဖြစ်လို့ စစ်တပ်မဟုတ်ဘူးဆိုတဲ့ဆင်ခြင်ကို ပေးလိုက်တာဖြစ်ပါတယ်။ စစ်တပ်ဖွဲ့လို့မှမရဘဲကိုး..
ဒါဆိုစစ်တပ်နဲ့မတူညီတဲ့အချက်ကဘာလဲ? လို့ပြောရင်၊ “ မိမိကိုယ်ကိုကာကွယ်ဖို့အတွက် အနိမ့်ဆုံးလိုအပ်တဲ့လက်နက်ကိရိယာ” ဆိုတဲ့မရှင်းလင်းတဲ့စကားလုံးဖြစ်ပါတယ်။
အဲ့ဒီအတွက်၊ ပြဿနာမဖြစ်ရအောင် နည်းနည်းချင်းစီလုပ်ဆောင်သွားရင်း စစ်အင်အားကိုတိုးချဲ့ခဲ့ပါတယ်။
ဒါ့အပြင် အဓိပ္ပါယ်ဖွင့်ဆိုချက်က ပိုမိုကျယ်ပြန့်လာပြီး၊ ၁၉၉၀ ပြည့်လွန်နှစ်များမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (PKO)မှာ ပါဝင်လာခဲ့ပါတယ်။ တိုက်ရိုက်ထိုးစစ်ဆင်ခြင်းမျိုးမဟုတ်ပေမဲ့၊ ကိုယ်ပိုင်ကာကွယ်ရေးအတွက် အနိမ့်ဆုံးလိုအပ်တဲ့လက်နက်ကိရိယာကိုတပ်ဆင်ပြီး၊ အခြားနိုင်ငံထဲသို့ဝင်သွားခြင်းဖြစ်ပါတယ်။
ဒါဟာကိုယ့်ကိုကိုယ်ကာကွယ်တဲ့အမျိုးအစားတစ်ခုပဲလား? ဆိုတဲ့အပြင်းအထန်ငြင်းခုံမှုများလည်း ပေါ်ပေါက်လာခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၉ ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ပတ်သက်ပြီး အချေအတင်ဆွေးနွေးခဲ့ကြပေမဲ့ လက်တွေ့မှာ လက်နက်များတပ်ဆင်လာခြင်းကလည်း အမှန်တရားဖြစ်ပါတယ်။
မူလက အမေရိကန်ရဲ့ တစ်ပတ်ရစ်တိုက်လေယာဉ်တွေနဲ့ တင့်ကားတွေကနေအစပြုခဲ့ရာကနေ၊ နောက်ပိုင်းမှာအသစ်လည်းဝယ်နိုင်လာပြီး၊ ပြည်တွင်းမှာထုတ်လုပ်နိုင်တဲ့အထိဖြစ်လာပါတယ်။
ရန်သူနယ်မြေကိုသိမ်းပိုက်ဖို့ခြေလှမ်းနိုင်တဲ့ လေယာဉ်တင်သင်္ဘောမရှိဘူးလို့သာပြောပေမဲ့၊ အပေါ်ကပုံလိုမျိုး လေယာဉ်တင်သင်္ဘောရဲ့ အစောင့်အကြပ် သင်္ဘောတစ်စင်းကို ပြုလုပ်နိုင်ခဲ့ပါတယ်။
ဘယ်သူတွေ ဘယ်လိုပဲကြည့်ကြည့် လေယာဉ်တင်သင်္ဘောဖြစ်ပေမဲ့ ဖွံ့ဖြိုးဆဲကာဖြစ်တဲ့အဲ့ဒီအချိန်မှာ ရဟတ်ယာဉ်သုံးအစောင့်သင်္ဘောဖြစ်တယ်လို့ အခိုင်အမာပြောဆိုပြီး တပ်ဖြန့်ထားကာ၊ ၎င်းနောက်အမေရိကန်ကနေ F-35B ဆိုတဲ့လေယာဉ်ကိုဝယ်ယူလိုက်ပြီး ဒီသင်္ဘောကိုလည်းပြန်လည်ပြုပြင်ကာ လေယာဉ်တင်သင်္ဘောငယ်အဖြစ် မွမ်းမံခဲ့ပါတယ်။
https://trafficnews.jp/post/111408
လက်နက်များတိုးချဲ့လာခြင်းက ကောင်းခြင်း/ဆိုးခြင်းမဟုတ်ဘဲ၊ ဂျပန်ပြည်သူတွေကို မှန်မှန်ကန်ကန်အသိမပေးဘဲ လက်နက်တွေဆက်လက်တိုးချဲ့နေတယ်ဆိုတာတော့ သေချာပါတယ်။
ဂျပန်ဟာ ပြည်မကြီးရဲ့အဝေးမှာကျွန်းပေါင်းများစွာရှိတာကြောင့်၊ မိမိကိုယ်ကိုကာကွယ်ဖို့အတွက် လေယာဉ်တင်သင်္ဘောလိုအပ်တယ်ဆိုတာကိုလည်း နားလည်ပါတယ်။
ပြဿနာကအဲ့ဒါမဟုတ်ဘဲ ပြည်သူတွေကိုလိမ်ပြီး တပ်ဖြန့်မှုကိုဆက်လုပ်နေတဲ့အချက်ပါ။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၉ ပါစာသားကိုမပြင်ဘဲ၊ လှည့်စားရင်း အဓိပ္ပါယ်ချဲ့ထွင်ဖွင့်ဆိုလိုက်တဲ့ရလဒ်က ဒီအခြေအနေပါပဲ။
ထိုသို့ ချဲ့ထွင်လာရင်းနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ကွဲလွဲသွားတဲ့အရာတွေဟာ အကြောင်းပြချက်မပေးနိုင်လောက်တဲ့အထိ ကျယ့်ပြန့်နေပါတယ်။
ဖွဲ့စည်းပုံအခြေခံပုဒ်မ ၉ ကိုလိုက်နာပြီး စစ်တပ်မဖွဲ့စည်းသင့်ဘူး ဆိုတဲ့လူတွေလည်းရှိသလို
အမေရိကန်စစ်တပ်လာပေးရင်တောင်မလိုဘူး ဆိုတဲ့လူတွေလည်းရှိပါတယ်…
ဒါဆို ကိုယ့်နိုင်ငံကိုဘယ်လိုကာကွယ်ရမလဲလို့ သံသယဝင်ပေမဲ့ ကျွန်တော်ကတော့ တကယ့်ပြဿနာက အဲ့ဒါမဟုတ်ဘူးလို့ ထင်ပါတယ်။
ပြဿနာက ကျူးကျော်အင်အားစုတွေဖန်တီးခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝလွတ်လပ်တဲ့နိုင်ငံဖြစ်လာတဲ့နောက်ပိုင်းမှာတောင် တလေးတစားနဲ့ဆက်ကျင့်သုံးပြီး၊ ဒီဖွဲ့စည်းပုံအခြေခံဥပဒေက ဂျပန်နဲ့ရောကိုက်ညီရဲ့လား ဆိုတာကိုတောင် မစဉ်းစားခြင်းပဲလို့ထင်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၉ ကိုပြင်သင့်တယ်၊ ပြင်တာကောင်းတယ် အဲ့လိုမျိုးမဟုတ်ဘဲ၊ ပေးထားတာထက်ကို ဖိနှိပ်ထားတဲ့ ဖွဲ့စည်းပုံတစ်ခုလုံးက ဒီလိုမျိုးဆက်ထားဖို့အဆင်ပြေပါ့မလား? ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဂျပန်လူမျိုးတွေက မဆွေးနွေးကြပါဘူး။
ကြီးကြီးမားမားပြုပြင်ပြောင်းလဲရေးဆိုတာထက် လောလောဆယ်တိတ်တဆိတ်ဆက်လုပ်နေမယ့် လမ်းစဉ်မျိုးပါ…
ဒီလိုဂျပန်နိုင်ငံရဲ့ဆိုးရွားတဲ့အပိုင်းတွေကို မကြာခဏမြင်တွေ့ရပါတယ်။
JAPO ရဲ့စာဖတ်ပရိသတ်တွေထဲမှာ “ နှစ်အနည်းငယ်အတွင်း ဂျပန်မှာစစ်တပ်တစ်ခုရှိလာမယ်လို့ကြားတယ် တကယ်လား?” ဆိုပြီးမေးထားတဲ့လူရှိပါတယ်။ ကျွန်တော်ရှင်းပြခဲ့တဲ့အချက်တွေကနေ နိဂုံးချုပ်ရရင်
“ စစ်တပ်နဲ့လျော်ညီတဲ့စစ်အင်အားပိုင်ဆိုင်ထားတာကြောင့်၊ ၎င်းကိုစစ်တပ်လို့ပဲခေါ်ရမလား”
ဆိုတာကပဲ ပြဿနာလို့ထင်ပါတယ်။
သို့သော်လည်း ဒီပြဿနာကိုအတတ်နိုင်ဆုံးရှောင်ရှားဖို့ကြိုးစားတဲ့ နိုင်ငံရေးသမားတွေဟာ ပြောင်းလဲမှုကြီးကြီးမားမားလုပ်တဲ့အခါ ဖြစ်လာမယ့်တာဝန်ကိုမယူချင်လို့ ခေါင်းရှောင်တဲ့သဘောလို့ပဲမြင်ပါတယ်။
အခြေအနေကတော့ ဒုတိယကမ္ဘာစစ်နဲ့တော်တော်ကွာလို့၊ တက်တက်ကြွကြွနဲ့အခြားနိုင်ငံက နည်းပညာကောလိပ်ကိုသွားမှာမဟုတ်ဘူးလို့ထင်ပါတယ်။
သို့သော် စစ်တပ်လို့ခေါ်ရင်တော့ ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုလှုပ်ရှားရေးတွေမှာ သေသေချာချာပါဝင်ကောင်းပါဝင်ပါလိမ့်မယ်။
လက်ရှိမှာတော့ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ဟာ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုလှုပ်ရှားရေးအနေနဲ့ အခြားနိုင်ငံများသို့သွားခဲ့တဲ့အခါ အခြားသောစစ်တပ်အတွက် အထောက်အပံ့နေရာကနေပါဝင်နေရပေမဲ့၊ တစ်ချိန်မှာတော့ စစ်အင်အားသုံးတဲ့ဘက်ကနေ ဖြစ်လာနိုင်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ ဂျပန်နိုင်ငံဟာ စစ်လက်နက်ပစ္စည်းများကို နိုင်ငံခြားကိုပါ စတင်ရောင်းချနိုင်လာပြီး၊ ဒါ့အပြင် စစ်အင်အားကိုပိုမိုအားကောင်းအောင် လုပ်ဆောင်နေလျှက်ရှိပါတယ်။
စစ်တပ်မဟုတ်ဘူး ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ပါ ဆိုတဲ့ဆင်ခြေကို အမြဲတမ်းသုံးမနေသင့်ဘူးလို့ ကျွန်တော်ထင်တယ်။
ပြီးတော့ ဒီကွဲလွဲမှုဟာ စစ်ရေးပြဿနာသက်သက် မဟုတ်ပါဘူး။
စစ်ပြီးသွားတာ ၇၆ နှစ်တောင်ရှိသွားပါပြီ။
မဟာမိတ်တပ်တွေကပေးထားတဲ့အရာကို ပြောင်းလဲသင့်တယ်လို့မဟုတ်ဘဲ၊ ပေးထားတာကို ဆက်လက်အသုံးပြုခြင်းက ဂျပန်နိုင်ငံအတွက် စဉ်းစားပြီးလုပ်တဲ့အရာလား? လို့တွေးပြီး စစ်လည်းပြီးနေပြီ ခေတ်သစ်ထဲဝင်နိုင်နေပြီးမဟုတ်လားလို့? ကျွန်တော်တော့စဉ်းစားမိတယ်။
Kengo Abe