သမိုင်းမှာလေ့လာရမယ့် ဆာမူရိုင်းနဲ့ကူးစက်ရောဂါတို့ရဲ့ ဆက်နွယ်နေမှု (ကိုဗစ်ပြီးနောက်ပိုင်း ဂျပန်ဟာဘယ်လိုဖြစ်လာမလဲ?)

ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဆိုးရွားစွာကူးစက်မှုကြောင့် ကမ္ဘာတစ်ဝှမ်းမှာနေထိုင်ကြသူတွေရဲ့ နေထိုင်မှုပုံစံဟာပြောင်းလဲသွားခဲ့ပါတယ်။
အပြင်မထွက်ဘူး၊ mask တပ်ထားကြတယ်၊ work from home လုပ်ကြတယ်၊ မိမိကိုယ်တိုင်ချက်ပြုတ်စားသောက်လာကြတယ်။
အသိတရားအမျိုးမျိုး ရရှိလာကြတယ်နော်..
ဒီလိုနဲ့ပဲ ၂ နှစ်တောင်ရှိသွားပါပြီ။
တော်တော်များများက ကာကွယ်ဆေးထိုးနှံပြီးကြတာကြောင့်ပဲလား၊ အားလုံးကဒီအပြုအမှုတွေနဲ့အသားကျသွားလို့ပဲလားတော့မသိ၊ ကမ္ဘာတစ်ဝှမ်းမှာလည်း ကူးစက်သူလူဦးရေ လျော့ကျသွားရှိပါတယ်။
မကြာခင် ဒီကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြီးလည်းပြီးဆုံးသွားမှာပါ….
အဲ့ဒီနောက်ပိုင်းမှာတော့ ကမ္ဘာကြီးဟာဘယ်လိုဖြစ်သွားမလဲဆိုတာ အားလုံးပုံဖော်ကြည့်နိုင်ပါသလား?

ဂျပန်သမိုင်းကြောင်းရာဇဝင်ထဲမှာလည်း ကူးစက်ရောဂါအမျိုးမျိုးရဲ့ အစုလိုက်အပြုံလိုက်ကူးစက်မှုအကြောင်းကို မှတ်တမ်းတင်ထားခဲ့ပါတယ်။
အဲ့ဒီလိုဆိုတာထက် ဒီကူးစက်ရောဂါဟာ ဂျပန်ရဲ့သမိုင်းကိုပြောင်းလဲပစ်လိုက်တယ်လို့ပြောရင်တောင် ပုံကြီးချဲ့ပြောဆိုနေခြင်းမဟုတ်ကြောင်း နားလည်ရပါတယ်။
ဂျပန်သမိုင်းနဲ့ကူးစက်ရောဂါရဲ့ပတ်သက်မှုမှာ၊ တကယ်တော့ ကူးစက်ရောဂါဟာ ဆာမူရိုင်းမွေးဖွားလာခြင်းရော၊ ပျောက်ကွယ်သွားခြင်းမှာပါ အဓိကအကြောင်းအရင်းဖြစ်နေပါတယ်..

 

ကူးစက်ရောဂါကြောင့် အာဏာသိမ်းမှုဖြစ်လာတာလား?

ဂျပန်ဆိုတာ ဟိုးရှေးခေတ်ကတည်းက ဘုရင်ဧကရာဇ်ကိုဗဟိုပြုတဲ့တိုင်းပြည်ဖြစ်တယ်ဆိုတာ အားလုံးလည်းသိပြီးသားဖြစ်မယ်လို့ ထင်ပါတယ်။
ဒါပေမဲ့ ထိုဧကရာဇ်ရဲ့အာဏာအစွမ်းတန်ခိုးဟာ ရာစုလက်ထက်အလိုက် ကြီးမားတဲ့ကွာခြားမှုရှိပါတယ်။
အေဒီ ၆၀၀ ခုနှစ်မှာ ဧကရာဇ်အစား အပြင်းထန်ဆုံးအာဏာကိုဆုပ်ကိုင်ထားခဲ့တဲ့ 蘇我Soga ဆိုတဲ့ မျိုးရိုးတစ်ခုရှိခဲ့ပါတယ်။
ဧကရာဇ်အမည်ကိုအသုံးပြုပြီး၊ လက်တွေ့ အာဏာကိုဆုပ်ကိုင်ထားခဲ့တာက ထိုမျိုးရိုးဖြစ်ပေမဲ့၊ ၆၄၅ ခုနှစ်မှာ 大化の改新 “ Taika ပြုပြင်ပြောင်းလဲရေး” ဆိုတဲ့အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီး၊ 蘇我Soga မျိုးရိုးဟာ ကျဆုံးခန်းရောက်သွားပါတယ်။

တကယ်က ဒီအာဏာသိမ်းမှုမတိုင်ခင်နှစ်အနည်းငယ်မှာ 天然痘smallpox (ကျောက်ရောဂါ)လို့ခေါ်တဲ့ ကူးစက်ရောဂါဟာ ဂျပန်မှာအကြီးအကျယ်ပြန့်နှံ့နေခဲ့ပါတယ်။ ဂျပန်လူမျိုးတော်တော်များများသေဆုံးရပြီး ရောဂါဝေဒနာခံစားနေရတာတောင်မှ တော်ဝင်မင်းမျိုးမင်းနွယ်တွေဟာ နေထိုင်မှုဘဝကိုမပြောင်းလဲဘဲ တိုင်းသူပြည်သားတွေကို ပိုပြီးဒုက္ခရောက်စေတာက အာဏာသိမ်းဖို့အတွက် လမ်းစဖြစ်ခဲ့တာပဲမဟုတ်လား? လို့ပြောကြပါတယ်။

 

ကူးစက်ရောဂါဟာ ဆာမူရိုင်းကိုမွေးဖွားခဲ့တယ်?

ဒီအာဏာသိမ်းမှုကနေ နှောင်နှစ်ပေါင်း ၁၀၀ ခန့်ကြာပြီးနောက်
နောက်တစ်ကြိမ် (ကျောက်ရောဂါ) ဟာဂျပန်ကို ရောက်လာခဲ့ပြန်ပါတယ်.
ဒီတစ်ခေါက်တော့ တော်တော်လေးပြင်းထန်ပြီး၊ ဂျပန်လူမျိုးတစ်စုလုံးရဲ့ ၃၀ ရာခိုင်နှုန်းနီးပါး သေဆုံးသွားကြတဲ့ အစုလိုက်အပြုံလိုက်ကူးစက်မှုကြီးပဲဖြစ်ပါတယ်။
ဒီလောက်အထိ လူဦးရေကျဆင်းသွားတဲ့အခါ စိုက်ပျိုးရေးနဲ့အစစအရာရာဟာ ရပ်တန့်သွားခဲ့ရပါတယ်။
နောက်ပြီး ပထမအကြိမ်တုန်းကလိုပဲ တော်ဝင်မိသားစုနဲ့ပတ်သက်ပြီး မကျေနပ်ချက်တွေအစပြုလာခဲ့ရာ၊ လယ်သမားတွေဟာ မိမိကိုယ်ကိုမိမိကာကွယ်ဖို့အတွက် လက်နက်ကိုင်ခဲ့တာက ဆာမူရိုင်းမွေးဖွားဖို့အတွက် လမ်းစဖြစ်ခဲ့ပါတော့တယ်..
ဟုတ်ပါတယ်၊ ဆာမူရိုင်းကို ကူးစက်ရောဂါကဖန်တီးခဲ့တယ်လို့ ပြောလို့ရပါတယ်။

 

ကူးစက်ရောဂါကြောင့် ဆာမူရိုင်းတွေကျဆုံးသွားခဲ့သလား?

ဆာမူရိုင်းမွေးဖွားခြင်းကနေ၊ ဆာမူရိုင်းဟာဂျပန်ကိုကြီးစိုးသွားတဲ့ ခေတ်ဆီသို့ကူးပြောင်းပုံကို ပြောပြပေးပါ့မယ်။
ဧကရာဇ်ဆိုတဲ့တည်ရှိမှု ဆက်ပြီးရှိနေသော်လည်း၊ ဧကရာဇ်ထံကအာဏာကို လွှဲအပ်ခံရတယ်ဆိုတဲ့ပုံစံမျိုးနဲ့ ဆာမူရိုင်းဟာဂျပန်ကို အချိန်ကာလပေါင်းများစွာကြီးစိုးနေခဲ့ပါတယ်။
ဒီခေတ်မပြီးဆုံးခင်လေးမှာတင် နောက်ထပ်ကူးစက်ရောဂါတစ်ခု ရောက်ရှိလာခဲ့ပြန်ပါတယ်။
ဂျပန်ဟာတိုင်းတစ်ပါးနဲ့ အများအားဖြင့်ဆက်ဆံခြင်းမလုပ်ဘဲ၊ 鎖国Sakoku တံခါးပိတ်ဝါဒကို ကျင့်သုံးခဲ့ကြပါတယ်။
အဲ့ဒီနေရာမှာပဲ အမေရိကန်နိုင်ငံရဲ့ ရေတပ်ဗိုလ်ချုပ် Matthew C. Perry ဟာ တိုင်းပြည်ဖွင့်လှစ်ရန်တောင်းဆိုဖို့ ဂျပန်ကိုရောက်လာခဲ့ပါတယ်။
သူ့ရဲ့လက်အောက်ငယ်သားတစ်ဦးဟာ ကာလဝမ်းရောဂါကိုခံစားရင်း ဂျပန်ကိုလိုက်ပါလာတဲ့အတွက်၊ ဂျပန်မှာထိုကာလဝမ်းရောဂါဟာ အကြီးအကျယ်ပြန့်နှံ့သွားခဲ့ပါတော့တယ်။
အဲဒိုတစ်ခုတည်းမှာပဲ လူပေါင်း ၁ သိန်းသေဆုံးသွားတဲ့ အကြီးအကျယ်ကူးစက်မှုကြီးဖြစ်ခဲ့ပါတယ်။

ဆာမူရိုင်းနဲ့ အစိုးရရဲ့တာဝန်ရှိပုဂ္ဂိုလ်တွေဟာ ဂျပန်ကိုစောင့်ရှောက်ဖို့အတွက် တိုင်းတစ်ပါးနဲ့ဘယ်လိုဆက်ပြီးသွားကြမလဲ? ဆိုပြီးစဉ်းစားခဲ့ကြရဲ့လားလို့ တွေးမိပေမဲ့၊ သာမန်ပြည်သူတွေဟာ အဲ့ဒီအကြောင်းကို မစဉ်းစားခဲ့ကြဘူးတဲ့…
ပြည်သူတွေရဲ့ခေါင်းထဲမှာတော့ ကာလဝမ်းရောဂါကို သယ်ဆောင်လာတဲ့နိုင်ငံခြားသားကို ဂျပန်ပြည်ထဲမဝင်ခိုင်းနဲ့၊ ဆိုတဲ့အတွေးကပဲ အားကောင်းလာခဲ့ပါတယ်။
“ နိုင်ငံခြားသားကိုငြင်းပယ်ခြင်း။”
ဒီအတွေးဟာ ထိုအချိန်ရဲ့ Shogunate (ဂျပန်စစ်အာဏာရှင်မျိုးရိုး)ကို အနိုင်ယူမယ်လို့လုပ်ခဲ့တဲ့ အင်အားစုနဲ့သဘောတူညီပြီး၊ တော်လှန်ရေးတစ်ခု ဖြစ်ပေါ်လာပါတော့တယ်။

ဆာမူရိုင်းခေတ်ကုန်ဆုံးသွားခဲ့ပေမဲ့ နောက်တစ်ကြိမ် ဧကရာဇ်ကိုဗဟိုပြုခဲ့တဲ့တိုင်းပြည်အဖြစ်သို့ ပြုပြင်ပြောင်းလဲခဲ့ပါတယ်။
နောက်ထပ်ပြောင်းလဲမှုကြီးကတော့ တိုင်းတစ်ပါးကနေဝင်ရောက်တိုက်ခိုက်ခြင်းမခံရအောင် စစ်အင်အားကိုတိုးချဲ့တဲ့ခေတ်သို့ ပြောင်းလဲသွားခြင်းပဲဖြစ်ပါတယ်။

ဟုတ်ပါတယ်၊ ဂျပန်ဟာကူးစက်ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်မှာ ကြီးမားတဲ့အသွင်ပြောင်းလဲမှုရှိခဲ့ပါတယ်။
ဆာမူရိုင်းကို ကူးစက်ရောဂါကမွေးထုတ်ပေးခဲ့သလိုပဲ၊ ထိုကူးစက်ရောဂါကပဲ ဆာမူရိုင်းကိုအဆုံးသတ်ပေးခဲ့ပါတယ်။

မကြာခင်ပြီးဆုံးတော့မယ့် ဒီတစ်ခေါက်ကူးစက်ပေါက်ကွဲမှုမှာလည်း၊ အားလုံးပြီးဆုံးသွားခဲ့ရင် ဂျပန်ဟာ ဘယ်လိုပြောင်းလဲမှုတွေရှိလာလိမ့်မလဲ?
လက်ရှိဂျပန်ဟာ နိုင်ငံရေးအကျင့်ပျက်ခြစားမှု၊ စီးပွားရေးကျဆင်းမှု စတဲ့ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ ဝဲဂယက်ရိုက်နေတာပါ။
ဒါပေမဲ့ ကြီးကြီးမားမားပြောင်းလဲမှု ရှိ/မရှိ ဆိုတာထက်၊ ပြောင်းလဲမှုတစ်စုံတစ်ခုတောင်မဖြစ်လာခဲ့ရင်တော့ ပျက်ဆီးနေတဲ့တိုင်းပြည်အဖြစ်နဲ့သာ ဆက်လက်ကျန်ရှိနေအုံးမယ်လို့ ထင်ပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: