သူငယ်ပြန်နေတဲ့ဇနီးသည်ကိုအလုပ်ထွက်ပြီး ချက်ပြုတ်ကျွေးမွေးတဲ့အမျိုးသား။ (သိပ်ကံကောင်းတဲ့အမျိုးသမီးကြီးတစ်ဦးပေါ့..)
ခေတ်မီတိုးတက်ပြီး အလုပ်အကိုင်ပေါများတဲ့ဂျပန်နိုင်ငံမှာ အားလုံးဟာအလုပ်ကိုယ်စီရှိကြပါတယ်။
နိုင်ငံသားတွေဟာ အလုပ်ကြိုးစားသူတွေလည်းဖြစ်ပါတယ်။
ဒီအတွက် အသက်အရွယ်ကြီးပြီးအိုမင်းမစွမ်းဖြစ်လာတဲ့ မိဘ၊အဘိုးအဘွားတွေကို ကိုယ်တိုင်ကိုယ်ကျပြုစုစောင့်ရှောက်ပေးဖို့အတွက် အချိန်မရှိခြင်းနှင့် အခြားသောအကြောင်းအရင်းများကြောင့် ဘိုးဘွားစောင့်ရှောက်ရေးဂေဟာမှာအပ်နှံပြီး၊
မိဘအဘိုးအဘွားတွေကို ကိုယ်စားအထူးစောင့်ရှောက်စေပါတယ်။
ဒီလိုအခြေအနေတွေထဲက အခုပြောပြမယ့်အကြောင်းအရာလေးကတော့ လက်ထပ်တဲ့အချိန်မှာကျမ်းကျိန်ရတဲ့ “ ဆင်းရဲသည်ဖြစ်စေ၊ချမ်းသာသည်ဖြစ်စေ အိုသည်ဖြစ်စေနာသည်ဖြစ်စေ လက်ထပ်ပေါင်းသင်းပါ့မယ်” ဆိုတဲ့သစ္စာကိုပြည့်စုံစေခဲ့တဲ့ လူ ၂ ဦးအကြောင်းဖြစ်ပါတယ်။
https://www.asahi.com/
နံနက် ၅ နာရီခွဲ
Aichi စီရင်စု Obu မြို့မှာ အသက် ၇၄ နှစ်အရွယ် Torikai Kenichi စံဆိုတဲ့အမျိုးသားတစ်ဦး နေထိုင်ပါတယ်။
သူ့ရဲ့မီးဖိုချောင်လေးဟာဆို မနက် ၅ နာရီခွဲဆိုတာနဲ့အမြဲတမ်းမီးလင်းနေတတ်ပါတယ်။
သူဟာနေ့တိုင်း ၁ နာရီလောက်အချိန်ပေးပြီး မနက်စာကိုပြင်ဆင်ပါတယ်။
“ ဒီအချိန်ကိုကြိုက်လို့ပါ။ အိပ်မက်လိုပါပဲ”
အာဟာရဖြည့်စွက်စာအရည်ကို gelatin နဲ့ရောပြီးဂျယ်လီပုံစံလုပ်ပါတယ်။
အဲ့ဒီအပေါ်မှာ ကလေးလေးပုံနဲ့တိရစ္ဆာန်ပုံလေးတွေကို ယိုနှင့်သစ်သီးများ၊ ဟင်းသီးဟင်းရွက်နှင့် ပဲနီအနှစ်စတဲ့အရာများနဲ့ ပုံဖော်လေ့ရှိပါတယ်။
ဥပမာမိန်းကလေးပုံဆို
ပေါင်မုန့်ကိုဦးခေါင်းပုံစံဖြစ်အောင် ဓါးနဲ့လှီးပြီး၊ တူရဲ့ထိပ်အစွန်းနဲ့ မျက်လုံးနဲ့နှုတ်ခမ်းနေရာလေးတွေကို စတော်ဘယ်ရီယိုဖြင့်အရောင်ခြယ်ပါတယ်။
မျက်လုံးလေးကိုတော့ ရေညှိနဲ့ပဲနီလေးဖြင့် ပုံဖော်ထားပါတယ်။
Kenichi စံဟာတကယ်တော့ အသက်အရွယ်အားဖြင့် ၇၄ နှစ်ရှိနေပြီဖြစ်သော်လည်း နေမကောင်းသူဇနီးသည်အတွက် အမြဲတမ်းစားချင်စဖွယ်ကောင်းပြီး၊ ဆန်းသစ်တဲ့အရာတွေကိုဖန်တီးပေးနေပါတယ်။
ပြင်ဆင်ပေးထားတဲ့ နံနက်စာများကိုကြည့်ရုံနဲ့ ဇနီးသည်ကိုဘယ်လောက်ချစ်ကြောင်း သိမြင်ရပါတယ်။
ပြင်ဆင်ပြီးသွားပြီဆိုရင်တော့ ဇနီးသည်ဖြစ်တဲ့ Mitsuyo (၇၃ နှစ်) ကိုနံနက်စာစားဖို့အတွက်ကူညီပေးပါတယ်။
သူတို့ ၂ ယောက်ရဲ့ဇာတ်လမ်းလေးကတော့
Kumamoto စီရင်စုဇာတိဖွားဖြစ်တဲ့ Kenichi စံဟာ၊ အလုပ်လုပ်ဖို့အတွက် အသက် ၁၀ နှစ်မှာ Aichi စီရင်စုကိုပြောင်းရွေ့လာခဲ့ပါတယ်။
အကိုဖြစ်သူရဲ့မိတ်ဆက်ပေးမှုကြောင့် Mitsuyo စံနဲ့တွေ့ဆုံခဲ့ပါတယ်။ သဘောကောင်းပြီး၊ စိတ်ဓါတ်ခိုင်မာမှုကြောင့် Mitsuyo ရဲ့အချစ်ကိုရရှိခဲ့ပြီး၊ ဒါနဲ့ပဲ သူတို့ ၂ ဦးဟာ ၁၉၇၄ ခုနှစ်မှာလက်ထပ်ခဲ့ကြပါတယ်။
ဒါတင်မကဘဲ သားလေး ၂ ဦးကိုပါ ပိုင်ဆိုင်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၉ နှစ်မတိုင်ခင်ကနေစပြီး Mitsuyo စံဆီမှာ ထူးဆန်းတဲ့လက္ခဏာတွေကိုတွေ့လာရတယ်။
ဇနီးသည်ဖြစ်တဲ့ Mitsuyo စံဟာ အသက် ၆၄ နှစ်မှာ အယ်လ်ဇိုင်းမားရောဂါသူငယ်ပြန်ခြင်းကို စပြီးခံစားခဲ့ရပါတော့တယ်။
ဒါနဲ့ပဲ Kenichi စံဟာ ကုမ္ပဏီကနေအနားယူကာ အဲ့ဒီကနေစပြီးဇနီးသည်ကိုကိုယ်တိုင်ကိုယ်ကျပြုစုစောင့်ရှောက်ခဲ့ပါတယ်။
ဇနီးသည်ဝေဒနာခံစားရတဲ့အချိန်ကနေစပြီးယခုထိကို တစ်စုံတစ်ရာညည်းညူခြင်းမရှိဘဲ နေ့တိုင်းလတ်ဆက်တဲ့မေတ္တာတွေပေးနေတာကို သူပြင်ဆင်ပေးတဲ့နံနက်စာတွေအားဖြင့် အားလုံးလည်းခံစားမိမယ်လို့ထင်ပါတယ်။
– ဇနီးသည်ရဲ့ အပြုံးမျက်နှာကိုမြင်ချင်တဲ့အတွက် နေ့တိုင်းပြင်ပေးနေတာဖြစ်ပြီး၊ ပိုပြီးစားစေချင်တာကြောင့် ဒီလိုတွေပြင်ဆင်ပေးနေတာပါတဲ့..
– ပြင်ပေးတဲ့ပုံစံတွေကိုလည်း Mitsuyo စံကြိုက်တဲ့အရုပ်လေးတွေကို လုပ်ပေးတာဖြစ်ပါတယ်။
– နံနက်စာကို ကိုယ်တိုင်ကျွေးတယ်။ ကျွေးတဲ့အချိန်မှာလည်း လက်ကိုဆုပ်ထားပေးပြီး စိတ်ချလုံခြုံမှုကိုခံစားစေပါတယ်။
ဒီထက်ပိုပြီးမျက်ရည်ကျစေတာကတော့ “ ဒီလိုပြုစုစောင့်ရှောက်တာဟာ ဇနီးသည်မဟုတ်ဘဲကျွန်တော်ဖြစ်နေလို့ တော်ပါသေးတယ်” တဲ့..
မနက်တိုင်းမှာလည်း လမ်းလျှောက်ထွက်ကြပါတယ်။
အမှန်ကသူတို့ ၂ ဦးမှာအသက်ကြီးလာတဲ့အခါ နေရာအမျိုးမျိုးကို အတူလျှောက်သွားဖို့အစီအစဥ◌်ရှိပြီးသားပါ။
လောကကြီးကမျက်နှာသာမပေးခဲ့ပေမဲ့၊ ခိုင်မြဲပြီးအိုမင်းမသွားတဲ့အချစ်တွေနဲ့ တစ်ယောက်ကိုတစ်ယောက်ပတ်ရစ်ထားတာဟာ
အလွန်ပင်အားကျစရာကောင်းနေပါတော့တယ်….
HM