အာဖဂန်နိစ္စတန်အတွက်ပေးဆပ်ခဲ့သူ Tetsu Nakamura !! သေဆုံးခြင်း (၁) နှစ်ပြည့်ခဲ့ပြီ

Tetsu Nakamura လို့ပြောလိုက်ရင် အာဖဂန်နိစ္စတန်နိုင်ငံ လယ်ယာမြေတွေပြန်လည်စိမ်းလန်းလာခြင်းအတွက် ခွန်အားရှိသမျှပါဝင်ခဲ့သူတစ်ဦးဆိုတာ သိထားပြီးသူတွေရှိမှာပါ။
ယခုလ Nov. 23 ရက်နေ့မှာတော့ Nakamura ရဲ့သေဆုံးခြင်အောက်မေ့ဘွယ်အခမ်းအနားကို Fukuoka ခရိုင် Kyushu University ရဲ့ ခန်းမဆောင်မှာကျင်းပခဲ့ပါတယ်။
ဒီအခမ်းအနားမှာတော့ Nakamura လုပ်ဆောင်ခဲ့ပေးတဲ့အရာများကို ဗီဒီယိုနှင့်တကွ ပြန်လည်ပြသခဲ့ပါတယ်။

ဂျပန်လူမျိုးဖြစ်ပြီး နာမည်ကြီး လူသားချင်းစာနာထောက်ထားတတ်တဲ့ဆရာဝန်ဖြစ်သူ Tetsu Nakamura ဟာ အာဖဂန်နိစ္စတန်မှာရှိတဲ့ အသက်ရှင်ဖို့ရုန်းကန်နေရတဲ့ဘဝတွေအတွက်တိုးတက်ဖို့ သူ့အသက်ကိုလောင်းကြေးထပ်ပြီး ကြိုးပမ်းခဲ့သူတစ်ဦးဖြစ်ပါတယ်။
ယခုအခါမှာတော့ သူ့ရဲ့လုပ်ဆောင်မှုတွေအတွက် ပြန်လည်ဂုဏ်ယူအလေးပြုတဲ့အနေနဲ့ အောက်မေ့ဘွယ်ကို Nov. 23 ရက်နေ့က သူတက်ရောက်ခဲ့တဲ့တက္ကသိုလ်ဖြစ်တဲ့ Kyushu University မှာကျင်းပခဲ့ပါတယ်။

 

http://www.asahi.com/ajw/articles/13958621

 

Tetsu Nakamura သေဆုံးခြင်းရဲ့ပထမဆုံးအောက်မေ့ဘွယ်မှာ လူပေါင်း ၄၅၀ ဦးတက်ရောက်ခဲ့ပြီး၊ သူ့ရဲ့ဘဝနဲ့ ၁၀ စုနှစ်တစ်ခုစာပေးဆပ်ခဲ့တဲ့လုပ်ဆောင်မှုတွေကို ဂုဏ်ပြုမှတ်တမ်းတင်ခဲ့ကြပါတယ်။

သူနေထိုင်ရာ Fukuoka ခရိုင်မှာပဲ အစိုးရနဲ့မသက်ဆိုင်သောအဖွဲ့အစည်း(NGO), Peshawar-kai ကိုတည်ထောင်ခဲ့တဲ့ Nakamura ဟာ စစ်ဒဏ်ခံနေရတဲ့တိုင်းပြည်တွင်း လူမှုရေးအလုပ်တွေလုပ်ရင်း မနှစ်က ၂၀၁၉ ဒီဇင်ဘာ ၄ ရက်နေ့မှာပဲ သေနတ်နဲ့လုပ်ကြံခံလိုက်ရပါတယ်။ သူသေဆုံးချိန်မှာ အသက် ၇၃ နှစ်ဖြစ်ပါတယ်။

Nakamura ရဲ့ရဲဘော်တွေဖြစ်သူ အာဖဂန်လူမျိုးဒရိုက်ဘာနဲ့ လုံခြုံရေး ၄ ယောက်လုံးဟာလည်း ချောင်းမြောင်းသတ်ဖြတ်ခံရပုံကို ဒီအခမ်းအနားမှာပြသခဲ့ပါတယ်။
ဒီအခမ်းအနားမှာ အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ သားဖြစ်သူ Ken Nakamura ဟာ “ တစ်နေ့လျှင်ထမင်း ၃ နပ်စားရပြီးအခြားမိသားစုဝင်တွေနဲ့အတူနေထိုင်ရတဲ့ငြိမ်းချမ်းမှု” ဟာဘယ်လောက်တန်ဖိုးရှိကြောင်းပြောကြားခဲ့ပြီး၊ “ ကျွန်တော်တို့ဟာ ဒါကိုပေါ့ပေါ့တန်တန်ပဲသဘောထားကြတယ်” လို့ဖခင်အမြဲတမ်းပြောခဲ့တဲ့စကားကို ပြန်လည်မျှဝေခဲ့ပါတယ်။

 

သူဟာ “ အဖေ့ရဲ့ခြေရာဖြစ်တဲ့ Peshawar-kai ရဲ့လှုပ်ရှားမှုတွေဟာ အာဖဂန်နိစ္စတန်အတွက်ငြိမ်းချမ်းမှုနေ့ရက်တွေယူဆောင်လာပေးနိုင်လိမ့်မယ်လို့ ယုံကြည်တယ်” ဆိုပြီးပြောခဲ့ပါတယ်။

ယခုအခါမှာတော့ Peshawar-kai ရဲ့ဥက္ကဌဖြစ်သူ အသက် ၇၁ နှစ်ရှိပြီဖြစ်တဲ့ Masaru Murakami ဟာ အာဖဂန်နိစ္စတန်အတွက် ဆေးဝါးထောက်ပံ့မှုတွေ၊ ဆည်မြောင်းနှင့်စိုက်ပျိုးရေးအတွက်ပံ့ပိုးမှုတွေ ဆက်လက်လုပ်ဆောင်ပေးလျှက်ရှိပါတယ်။
လက်ရှိကမ္ဘာတစ်ဝှမ်းလုံးကူးစက်ခံရတဲ့ ကပ်ရောဂါ COVID-19 ကဲ့သို့သောစိန်ခေါ်မှုအသစ်တွေနဲ့တွေ့ကြုံရသော်လည်း Nakamura ရဲ့ဆန္ဒတွေကိုဆက်လက်အကောင်အထည်ဖော်နေကြပါတယ်။

 

http://www.asahi.com/ajw/articles/13958621

 

ဒီအခမ်းအနားမှာပဲ “ သင်ရဲ့စိတ်နဲ့စကားလုံးများ၏လမ်းညွှန်မှုကြောင့် ကျွန်တော်တို့ရဲ့ခြေလှမ်းတွေဘယ်တော့မှ ရပ်တန့်သွားမှာမဟုတ်ဘူး” ဆိုပြီးMurakami ဟာအလေးပြုခဲ့ပါတယ်။
ဒီအခမ်းအနားကို online ကနေလည်းကျင်းပခဲ့ပါတယ်။

အာဖဂန်ရဲ့သမ္မတဖြစ်သူ မစ္စတာ Ashraf Ghani ဟာလည်း Nakamura လုပ်ဆောင်ပေးခဲ့တဲ့ ဆည်မြောင်းဆောက်လုပ်ပေးခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းပြန်လည်ရှင်သန်လာခြင်းတို့အတွက် “ မျိုးဆက်များစွာအတွက် ကြီးမားတဲ့အမွေအနှစ်တစ်ခု ကျွန်တော်တို့ရဲ့နှလုံးသားထဲမှာ ထာဝရအမှတ်ရနေမယ်” ဆိုပြီး video message နဲ့တကွ ဒီအခမ်းအနားမှာ ဂုဏ်ပြုပြောကြားခဲ့ပါတယ်။

Nakamura ဟာ ၁၉၈၄ ခုနှစ်ကနေစပြီး ပါကစ္စတန်ရဲ့မြောက်ဘက်ဖြစ်တဲ့ Peshawar မှာဆေးဝါးထောက်ပံ့မှုတွေပေးခဲ့ပါတယ်။ ၂၀၀၀ ခုနှစ် အာဖဂန်နိစ္စတန်မှာအမျိုးမျိုးသော မိုးခေါင်ရေရှားမှုတွေဖြစ်ပြီး စိုက်ပျိုးမြေကနေကန္တရအဖြစ်ပြောင်းလဲသွားပြီးတဲ့နောက်မှာတော့ …Nakamura ဟာ အာဖဂန်အတွက် ဆည်မြောင်းတွေပြန်လည်တည်ဆောက်ဖို့နဲ့ စိုက်ပျိုးရေးအတွက်ကူညီဖို့ ဆန္ဒတွေဖြစ်လာခဲ့ပြီး စပြီးအကောင်အထည်ဖော်ခဲ့ပါတယ်။

၂၀၀၃ ခုနှစ်ရောက်လာတဲ့အခါမှာတော့ အဖွဲ့အစည်းဟာ ဒေသခံလယ်ယာမြေ ၁၆,၅၀၀ ဟက်တာကိုရေပေးသွင်းနိုင်ခဲ့ပြီး၊ မြေဆီလွှာမြေသြဇာတွေလည်းကောင်းမွန်လာကာ၊ လယ်သမားပေါင်း ၆၅၀,၀၀၀ ရဲ့ဘဝတွေဆီ မျှော်လင့်ခြင်းတွေကိုပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့ပါတယ်။

ဤကဲ့သို့ဆရာဝန်တစ်ဦးဖြစ်တဲ့ Tetsu Nakamura ဟာ မိမိရဲ့အမိရေမြေမဟုတ်၊ မိမိနဲ့အရောင်အသွေး ဘာသာစကားမတူညီတဲ့ လူမျိုးစုအတွက် အသက်ကိုလောင်းကြေးထပ်ကာပေးဆပ်ခဲ့သူတစ်ဦးပင်ဖြစ်ပါတယ်။

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: