မျက်မမြင်ခွေးတစ်ကောင်၏ စိတ်ဝင်စားဖွယ်ရာဖြတ်သန်းရတဲ့ဘဝ
ဂျပန်ရဲ့မြို့ပြဘက်မှာ မျက်မမြင်ခွေးတွေကို တော်ရုံတန်ရုံမတွေ့ရပါဘူး။
သူတို့ဟာ အမြင်အာရုံချို့ယွင်းနေသူတွေ၊ မြင်တွေ့ဖို့ခဲယဥ်းသူတွေရဲ့ အထောက်အပံ့ဖြစ်ဖို့ ပြုစုပျိုးထောင်ခြင်းခံရတဲ့ ထူးခြားတဲ့ခွေးအမျိုးအစားဖြစ်ပါတယ်။
https://www.moudouken.net/knowledge/dogs-life.php
မျက်မမြင်ခွေးတွေကို လွန်ခဲ့သောနှစ် ၅၀ မတိုင်ခင်ကတည်းကအသုံးပြုခဲ့ကြပြီး၊ လက်ရှိ ဂျပန်မှာအကောင်ပေါင်း ၁၀၀၀ လောက် ဒီနယ်ပယ်ထဲမှာရှိနေပါတယ်။ ထိုအထဲကမှ အကောင် ၂၄၀ လောက်ကို အခကြေးငွေမယူဘဲ အခမဲ့ငှားရမ်းပေးလျှက်ရှိပါတယ်။
သူတို့ဟာ အမြင်အာရုံချို့ယွင်းနေတဲ့သခင်အတွက် လုံခြုံစိတ်ချစွာစောင့်ရှောက်ပေးဖို့ အသင့်ရှိနေကြပါတယ်။
လမ်းလျှောက်တဲ့အချိန် စိတ်ချရတဲ့ ဘယ်ဘက်အခြမ်းမှာလျှောက်ကြတယ်။
အတားအဆီးတွေကို တိမ်းရှောင်တယ်။
လှေကားထစ်နဲ့ လမ်းအချိုးအကွေ့တွေမှာ ခေတ္တရပ်လိုက်ပြီး သခင်ကိုအသိပေးတယ်။
တံခါးနဲ့ စက်လှေကား၊ လက်မှတ်ဂိတ် စတဲ့ပစ်မှတ်နေရာကို ရှာပေးပါတယ်။
မီးပွိုင့် မီးနီချိန်ရပ်ရမှာလည်း သူတို့သိနေပြီး နေ့စဥ်လုပ်နေတဲ့အလုပ်ပဲဖြစ်ပါတယ်။
ခွေးဖြစ်နေပေမဲ့ အထူးအသုံးပြုခြင်းခံရတာကြောင့်၊ သာမန်အားဖြင့် အိမ်မွေးတိရစ္ဆာန်ခေါ်ယူလာခွင့်မရှိတဲ့ ရထားနဲ့စားသောက်ဆိုင်တွေမှာ ဒီအတိုင်းခေါ်သွားနိုင်ပါတယ်။
ဒီဆောင်းပါးမှာတော့ မျက်မမြင်ခွေးတစ်ကောင်ရဲ့ဘဝကိုဖော်ပြသွားပေးချင်ပါတယ်။
ပထမဆုံး ကျန်းမာပြီးမျက်မမြင်ခွေးအနေနဲ့သင့်တော်တဲ့မိဘကနေ မွေးဖွားလာတဲ့ကလေးတွေကို အဓိကအနေနဲ့ရွေးချယ်ပါတယ်။
https://www.moudouken.net/knowledge/dogs-life.php
မွေးဖွားပြီး ၂ လကြာအထိ ခွေးမိခင်၊မောင်နှမတွေနဲ့အတူထားပြီး၊ အဲ့ဒီနောက်မှ Volunteer မိသားစုဆီခေါ်သွားကာ ခန့်မှန်းချေ ၁၀ လကြာအထိ ကျွေးမွေးပြီးမေတ္တာပေးပါတယ်။
ဒီနေရာမှာ လူ့အဖွဲ့အစည်းနဲ့အတူနေထိုင်သွားလာတတ်ဖို့ အလေ့အကျင့်ကောင်းတွေသင်ပေးပါတယ်။
အသက် ၁ နှစ်ကျော်သွားတဲ့အခါမှာတော့ စပြီးလေ့ကျင့်ပေးပါတော့တယ်။
ပထမဆုံးမျက်စိမြင်ရသူတွေကတာဝန်ယူပြီး တစ်ခုချင်းစီသင်ကြားပေးတယ်။
လှေကားထစ်တွေတွေ့ရင်ဘယ်လိုလုပ်မလဲ?
ရထားဘယ်လိုစီးမလဲ? အစပိုင်းမှာတော့ကြောက်ပြီး လှုပ်တောင်မလှုပ်နိုင်တဲ့ခွေးတွေဟာလည်း နောက်ပိုင်းအသားကျသွားတာကိုသိပြီး၊ လုံခြုံစိတ်ချစွာ လမ်းပြပေးနိုင်လာပါတယ်။
ဒါကိုထပ်ခါထပ်ခါ အပြန်ပြန်လေ့ကျင့်သင်ကြားပေးပါတယ်။
နောက်ပြီး နောက်တစ်ဆင့်ရောက်လာတဲ့အခါ Eye mask တပ်ထားသူကတာဝန်ယူပါတယ်။ နောက်ဆုံးအဆင့်မှာတော့ တကယ့်မျက်မမြင်တစ်ဦးကပူးပေါင်းပြီးသင်ကြားပေးပါတယ်။ ဒါဆိုပို့ချမှုပြီးပါပြီ။
ဒီသင်ကြားမှုတွေပြီးတဲ့အခါ မျက်စိအမြင်အာရုံချို့ယွင်းသူများနှင့် one-by-one တွေ့ဆုံရပြီး ထိုအချိန်ဘယ်လောက်အထိလုံခြုံစိတ်ချမှုပေးနိုင်သလဲ စစ်ဆေးဖို့လိုအပ်တာကြောင့် စာမေးပွဲတွေလည်း ထပ်ခါထပ်ခါစစ်ပါတယ်။
ဒီကျောင်းဆင်းသွားပြီးရင်တော့ မွေးမယ့်သခင်လက်ထဲအပ်နှံလိုက်ကြပါတယ်။
နောက်ပြီးပုံမှန်လေ့ကျင့်ပေးတဲ့ trainer က လုံခြုံစွာလမ်းပြပေးနိုင်ပြီး ဟုတ်မဟုတ် ထပ်မံလာရောက်စစ်ဆေးပေးပါတယ်။
နူးညံ့သိမ်မွေ့တယ်၊ ဖော်ရွေတယ်၊ နောက်ပြီးလိမ္မာပါးနပ်ကြတယ်။
ဒီလိုကလေးတွေကိုအထူးသဖြင့်ရွေးချယ်ကြတဲ့အတွက် သူတို့ဟာမွေးထားတဲ့သခင်ရဲ့အချစ်တွေကိုလည်း အတိုင်းထက်လွန်ရရှိကြပါတယ်။
ဒါပေမဲ့ခွေးတွေမှာလည်း သက်တမ်းရှိတာကြောင့် ဝမ်းနည်းစွာခွဲခွာရတဲ့အချိန်လည်း ရောက်လာပါတယ်။
အသက် ၁၀ နှစ်လောက်ဆိုရင်တော့ ခွဲခွာရမယ့်အချိန်ဖြစ်ပါတယ်။
သက်တမ်းရှိသေးပေမဲ့၊ မကျန်းမာဘူးဆိုမျက်မမြင်တို့အတွက် လုံလုံလောက်လောက်အထောက်အပံ့မပေးနိုင်တော့လို့ပါ။
အဲ့ဒီအချိန် သူတို့ကို Volunteer တွေကလာခေါ်သွားပြီး၊ မိသားစုဝင်တစ်ဦးအဖြစ် နွေးထွေးစွာကျန်ရှိတဲ့အသက်အပိုင်းအခြားကိုကုန်လွန်စေတယ်။
သေဆုံးသွားပြီးနောက်မှာတော့ သူတို့အတွက်သင်္ချိုင်းမှာအုတ်ဂူလုပ်ပေးပါတယ်။
ကူညီစောင့်ရှောက်ပေးခဲ့တဲ့မျက်မမြင်ခွေးရဲ့ အုတ်ဂူဆီ လာရောက်လည်ပတ်သူတွေတောင် တော်တော်များများတောင်ရှိတယ်တဲ့…။
လူသားတွေလွတ်လပ်စွာသွားလာနိုင်ဖို့ အကူအညီပေးခဲ့တဲ့ မျက်မမြင်ခွေးတွေကို အမြဲတမ်းကျေးဇူးတင်မိတယ်။
အမြင်အာရုံချို့ယွင်းနေတဲ့အခါ(မျက်စိအလင်းမရတဲ့အခါ) စိတ်ကလည်းအမှောင်ဖုံးနေမှာသဘာဝပဲ။
ဒါကိုပြန်ပြီးအလင်းပေးခဲ့တာကတော့ မျက်မမြင်ခွေးတွေကိုယ်တိုင်ပါ။ နောက်ပြီး စေတနာ့ဝန်ထမ်းတွေအဖြစ်ကူညီပံ့ပိုးပေးသူတွေကိုလည်း ကျေးဇူးတင်မိပါတယ်။
Kengo Abe