ဂျပန်လူမျိုးဖြစ်တဲ့ကျွန်မ ရန်ကုန်မှာတစ်နှစ်လောက်နေကြည့်လိုက်တဲ့အခါ!!

စာဖတ်သူများအားလုံးမင်္ဂလာပါ။ ကျွန်မကတော့ Yuki ဖြစ်ပါတယ်။

JAPO website မှာ မနှစ်က ၅ လပိုင်းကနေစပြီး အလုပ်လုပ်နေတဲ့အတွက် တော်တော်လည်းသိပြီးကြပြီလို့ ထင်ပါတယ်။

 

ကျွန်မကတက္ကသိုလ်ကို ခဏနားပြီး၊ ၂၀၁၈ ခုနစ် ၁၂ လပိုင်းကုန်ကနေစပြီး ရန်ကုန်မှာအခြေချ နေထိုင်လျက်ရှိပါတယ်။ မြန်မာစာကိုသင်ယူဖို့ရန်အတွက် တက္ကသိုလ်မှာ မြန်မာစာမေဂျာကို ၄ လလောက်တက်ပြီး၊ ဒီ JAPO website မှာ Interns သဘောနဲ့ အလုပ်လုပ်နေပါတယ်။

 

မြန်မာနိုင်ငံကိုရောက်နေတာ ဘာလိုလိုနဲ့ တစ်နှစ်တောင်ကုန်လွန်သွားခဲ့ပါပြီ!!

မြန်မာဘာသာစကားကို ကျွမ်းကျင်လောက်တဲ့အထိမပြောနိုင်သေးပေမဲ့၊ အသိမိတ်ဆွေတွေဆီကနေ သင်ပြပေးတာတို့၊ အကူအညီပေးတာတို့ကြောင့် အခက်အခဲအနေနဲ့ကတော့ သိပ်ပြီးမရှိပါဘူး။

ရန်ကုန်မှာနေထိုင်နေတာ ၁ နှစ်အကြာလောက် ရှိပြီဖြစ်တဲ့အတွက်၊ ပျော်စရာတွေကိုသာမက နည်းနည်းလေးသဘောမကျတဲ့အရာတွေနဲ့လည်း ကြုံတွေ့ခဲ့ရပါတယ်။

ဒီနေရာမှာ ဂျပန်လူမျိုးဖြစ်တဲ့ကျွန်မက ရန်ကုန်မှာ ၁ နှစ်အကြာလောက်နေကြည့်ပြီး ခံစားခဲ့ရတဲ့ အတွေ့အကြုံတွေကို ကွယ်ဝှက်မထားဘဲ ပြောပြပေးချင်ပါတယ်!!!

 

 

ပထမဦးဆုံး ရန်ကုန်မှာနေတဲ့အတွေ့အကြုံအရ သဘောကျတဲ့ နေရာလေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

၁။ အငှားယာဥ်ရဲ့ အပလီကေးရှင်းက အထောက်အကူဖြစ်ခြင်း

ရံဖန်ရံခါ ဘစ်ကားစီးပေမဲ့၊ ယခုနောက်ပိုင်းမှာတော့ တက္ကစီကိုပိုပြီး စီးဖြစ်လာပါတယ်။ အဲ့ဒီလိုအချိန်မှာ အဆင်အပြေဆုံးကတော့ စာဖတ်သူတို့လည်း သိထားကြတဲ့ Grab ပါပဲ။ ဂျပန်နိုင်ငံမှာတော့ တက္ကစီတစ်ခါငှားဖို့အတွက် လမ်းမှာလက်တားရမှာတို့၊ ဘူတာအစရှိတဲ့နေရာတွေမှာလည်း တက္ကစီအတွက်သီးသန့်လုပ်ထားတဲ့ နေရာအထိ မသွားလို့မဖြစ်တာတွေ အစရှိတဲ့အခက်အခဲတွေကြောင့် တက္ကစီတွေ သိပ်ပြီးအသုံးမပြုကြပါဘူး။

 

ပထမဆုံးရန်ကုန်ရောက်တဲ့အချိန်မှာ မြန်မာစကားကလည်း ကျွမ်းကျင်စွာမပြောနိုင်တဲ့အတွက် တက္ကစီခညှိနှိုင်းရတဲ့အခါ ဒုက္ခရောက်ခဲ့ရပါတယ်။ ဒါပေမဲ့ Grab ကိုအသုံးပြုလိုက်တဲ့အခါမှာတော့ ဒီလိုကိစ္စတွေ မရှိတော့ပါဘူး။ Grab လိုမျိုး တက္ကစီအပလီကေးရှင်းက နိုင်ငံခြားသားတွေအတွက် စိတ်ပူစရာလည်းမလိုတော့ဘဲ၊ စိတ်ချရပါတယ်။ ဂျပန်နိုင်ငံမှာလည်း ဒီလိုမျိုးအပလီကေးရှင်းတွေက လူသိများပြီး အသုံးများလာကြရင် အဆင်ပြေတဲ့ပို့ဆောင်ဆက်သွယ်ရေးကို ရရှိနိုင်မှာပဲလို့ တွေးမိပါတယ်။

 

၂။ ရိုးရာဝတ်စားဆင်ယင်မှုကို လက်ရှိအချိန်ထိနေ့စဥ်ဘဝမှာ ဝတ်ဆင်ကြခြင်း

မြန်မာလူမျိုးတွေရဲ့ ရိုးရာဝတ်စားဆင်ယင်မှုလို့ပြောရင် လုံချည်ပဲပေါ့နော်!!

မြန်မာနိုင်ငံကို မရောက်ခင်ကတည်းက ကြားဖူးနားဝရှိပေမဲ့၊ ရန်ကုန်မြို့ရဲ့ နေရာတိုင်းလိုလိုမှာ လုံချည်ဝတ်တဲ့လူတွေတော်တော်များများကို တွေ့ရလို့အံ့သြရပါတယ်။ တကယ်လည်း ချစ်စရာမြန်မာ့ရိုးရာကို ထိန်းသိမ်းတယ်လို့ ထင်မိပါတယ်။

ဂျပန်နိုင်ငံရဲ့ ရိုးရာအဝတ်အစားလိုပြောရင်တော့ ကီမိုနိုနဲ့ ယူကာတ ပေါ့။ လူနေမှုနေ့စဥ်ဘဝမှာတော့ မဝတ်တော့ဘဲ ပွဲနေ့တွေမှဝတ်ဆင်ကြပါတယ်။

ရန်ကုန်မြို့ထဲကိုသွားကြည့်မယ်ဆိုရင် မြန်မာလူမျိုးတွေဟာ လုံချည်ကို မိမိကြိုက်နှစ်သက်တဲ့ အရောင်၊ ဒီဇိုင်းနဲ့ဝတ်ကြတာကိုမြင်ရပြီး အရမ်းကျက်သရေရှိတယ်လို့ ခံစားရပါတယ်။

အထူးသဖြင့်ကတော့ မိန်းကလေးများဟာ ready made လုံချည်ကိုဝယ်တာမဟုတ်ဘဲ၊ မိမိရဲ့ ကိုယ်ခန္ဓာနဲ့ကိုက်ညီပြီး လုံချည်ကိုချုပ်ဝတ်ကြတာကို ပိုပြီးသဘောကျမိတယ်။

လုံချည်တစ်ခုလုံးကို မိမိရဲ့ ကိုယ်ခန္ဓာနဲ့တိုင်းပြီးချုပ်ထားတဲ့အတွက် ကွက်တိကျပါတယ်။

ကျွန်မလည်း လုံချည်ကိုသဘောကျပါတယ်။ အထူးသဖြင့် အလုပ်ကိစ္စတွေနဲ့အပြင်သွားရရင် လုံချည်ကိုဝတ်ပါတယ်။

 

၃။ ဆိုင်တွေကစျေးတန်ပြီး အရသာလည်းရှိတယ်။

မြန်မာဟင်းတွေမှာ ဆီအနည်းငယ်များပေမဲ့၊ ကျွန်မအတွက်ကတော့ စားလို့ကောင်းပါတယ်!!!

မတူတဲ့ဆိုင်အမျိုးမျိုးမှာလိုက်စားကြည့်ရတာကို သဘောကျတယ်၊ အထူးသဖြင့်ကတော့ ထမင်းဆိုင်တွေမှာ မှာစားကြည့်ပါတယ်။

ထမင်းဆိုင်တွေမှာစားမယ်ဆိုရင်တော့ ၁၀၀၀ ကျပ်သာရှိမယ်ဆိုရင် ဘာပဲဖြစ်ဖြစ်စားနိုင်တဲ့အတွက် ပိုက်ဆံချွေတာနိုင်တယ်လို့ ကျွန်မကတော့ထင်မိပါတယ်။

 

အရင်နေခဲ့တဲ့နေရာအနီးအနားမှာ စမူဆာရောင်းတဲ့နေရာရှိပါတယ်။ အမြဲဝယ်စားနေကြပါ။ အရသာရှိလွန်းလို့ ပြောရင်းနဲ့တောင် သတိရလာပါပြီ!!! (ရယ်လျက်)

 

ကျွန်မ မကြာခဏပြောတတ်တဲ့ “ထမင်းဆိုင်သွားတော့မယ်နော်”လို့ပြောရင် “သွားပြန်ပြီလား” ဆိုပြီး သူငယ်ချင်းတွေဆီကနေ စနောက်တာတောင်ခံရပါတယ်။ (ရယ်လျက်)

 

၄။ ဒုက္ခရောက်တဲ့အချိန်မှာ ချက်ချင်းကူညီပေးတယ်။

ကျွန်မက မြန်မာနိုင်ငံမှာရှိနေတဲ့အတွက်ကြောင့်မို့လို့ အထူးသဖြင့်ခံစားမိတာကတော့ မြန်မာလူမျိုးတွေက သဘောကောင်းကြတာပဲ ဖြစ်ပါတယ်။ တစ်ခုခုဒုက္ခရောက်လို့ အနီးမှာရှိနေတဲ့ လူတွေကိုအကူအညီတောင်းလိုက်တဲ့အခါ ချက်ချင်းလာပြီးကူညီပေးကြပါတယ်။

ပစ္စည်းတွေဝယ်တဲ့အခါမှာလည်းအနောက်ကနေလိုက်ပေးတာတို့၊ မြန်မာလို့သိပ်မပြောနိုင်တဲ့ ကျွန်မအတွက်လည်း ဆိုင်မှာဘိုကင်လုပ်ပေးတာတို့ !!!!

ဂျပန်မှာလည်းရှိမယ်လို့ထင်ပေမဲ့၊ ဥပမာ ဂျပန်နိုင်ငံမှာ လမ်းမှားပြီးဒုက္ခရောက်နေတဲ့တစ်ယောက် အကူအညီတောင်းတဲ့အခါ အားလုံးကအလုပ်ကိုယ်စီနဲ့ ပြေးလွှားနေကြတဲ့အတွက်၊ ရပ်ပြီးကူညီပေးသူဟာ အနည်းငယ်လောက်သာရှိပါမယ်။

အဲ့ဒါနဲ့ယှဥ်ကြည့်လိုက်မယ်ဆိုရင် မြန်မာလူမျိုးတွေကအမြဲတမ်း ကြင်နာစွာနဲ့ကူညီပေးပြီး ယဥ်ကျေးတဲ့စကားလေးနဲ့ “ ရတယ် ရတယ်” လို့ပြောပြီး ပြုံးပြတတ်ကြပါတယ်။

 

ကျွန်မရဲ့အနီးမှာရှိတဲ့ မြန်မာလူမျိုးသူငယ်ချင်းများရဲ့ ကရုစိုက်ပေးမှုကြောင့် ကျွန်မလည်းအခက်အခဲမရှိ နေထိုင်နိုင်ရပါတယ်။ ကူညီပေးတဲ့သူများအားလုံး ကျေးဇူးတင်ပါတယ်နော်…

 

မြန်မာနိုင်ငံရဲ့ သဘောကျတဲ့အချက်တွေထပ်ပြောရရင် အများကြီးရှိသေးတဲ့အတွက်ကြောင့် ကျွန်မအကြိုက်ဆုံးအချက်လေးတွေကို အရင်ပြောပြပေးသွားတာပဲဖြစ်ပါတယ်။ ၁ နှစ်အကြာနေထိုင်ခဲ့ပြီးတဲ့ နောက်မှာတော့ နည်းနည်းလေးသဘောမကျတဲ့ နေရာလေးတွေကိုလည်း တွေ့လာပါတယ်။

အဲ့ဒီလိုအချက်လေးတွေကိုလည်း ပြောပြပေးချင်ပါတယ်။

ဒီလိုပြောပြပေးလို့လည်း ကျွန်မအပေါ်နားလည်မှု မလွဲကြပါနဲ့နော်!!!!

နည်းနည်းလေးသဘောမကျတဲ့အချက်တွေရှိနေပေမဲ့လည်း မြန်မာနိုင်ငံကိုချစ်တဲ့အတွက် ဆက်ပြီးနေအုံးမယ်လို့လည်း ဆုံးဖြတ်ထားပါတယ်။

 

၁။ လမ်းတွေမှာ ဂျိုင့်ခွက်တွေကြောင့် လမ်းလျှောက်ရတာအဆင်မပြေခြင်း

ကျွန်မက လမ်းလျှောက်ရတာကိုကြိုက်ပါတယ်။ ဂျပန်မှာနေတုန်းကလည်း လျှောက်နေကျပါ။ဒါပေမဲ့ ရန်ကုန်ကိုရောက်လာတဲ့အခါမှာတော့ လမ်းလျှောက်ဖို့အဆင်မပြေဖြစ်ခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ လူသွားလမ်းတွေထားထားပေး ပေမဲ့၊ လမ်းကအပေါက်တွေဖြစ် ခလုတ်တွေတိုက်တော့ နည်းနည်းစိုးရိမ်နေရပါတယ်။..

ညဘက်လမ်းလျှောက်တဲ့အခါမှာလည်း လမ်းမှာအပေါက်တွေရှိတာ သတိမထားမိဘဲ ချော်လဲကျတာလည်း အကြိမ်ပေါင်းမနည်းတော့ပါဘူး!! (ရယ်လျက်)

အခုနောက်ပိုင်းမှာတော့ လမ်းတွေကိုလှလှပပလေးပြန်ပြင်ပေးတာတို့ အသစ်ထပ်ခင်းပေးတာတို့ရှိပေမဲ့၊ ဂျပန်နဲ့ယှဥ်ရင်တော့ နည်းနည်းလေးတော့ လိုသေးတာပေါ့နော်….

 

၂။ ကားမောင်းကြမ်းခြင်း

မြန်မာနိုင်ငံရောက်ပြီး ပထမဆုံးသတိထားမိတာက ဒီအရာကိုပါပဲ….

ဘာပဲဖြစ်ဖြစ် ကားမောင်းကြမ်းတဲ့လူတွေ များတယ်လို့တော့ ထင်မိပါတယ်။ပထမဆုံး ရန်ကုန်မှာ တက္ကစီစီးတဲ့အခေါက်ကဆို ကားမောင်းအရမ်းကြမ်းလို့ အကြောက်လွန်ပြီး ကားမူးသွားတာတွေလည်း ဖြစ်ခဲ့ပါတယ်။

ဘစ်ကားလည်းစီးဖြစ်ပါတယ်။ အဲ့ဒီလိုပုံစံအတိုင်းပါပဲ။ တစ်ခါကတက္ကစီစီးတုန်းကဆိုရင် ယာဥ်တိုက်မူသေးသေးလေးတောင်ဖြစ်သွားရတယ်။ ကြီးကြီးမားမား ဒဏ်ရာမဖြစ်သွားလို့ စိတ်မပူပါနဲ့နော်!!!!

ဂျပန်မှာလိုမျိုး ရထားကိုပိုအသုံးများလာရင် အဆင်ပြေမယ်လို့ တွေးပေမဲ့လည်း၊ ဒီမှာကတော့ ကားကိုပဲအသုံးများကြတော့ ကားမောင်းကြမ်းတဲ့ ဒရိုင်ဘာတွေနည်းသွားဖို့ပဲ ဆုတောင်းရမှာပေါ့နော်…..(မြန်မာလူမျိုးတွေအတွက်လည်း အန္တရာယ်ရှိတယ်နော်!!)

 

၃။ လည်ပတ်စရာနေရာတွေမှာ နိုင်ငံခြားသားမှန်လျှင် သီးသန့်အခပေးရခြင်း

ဒါကတော့ သိပ်ပြီးမမျှတဘူးနော်!!!(ရယ်လျက်)

မြန်မာလူမျိုးသူငယ်ချင်းနဲ့အတူ ရွှေတိဂုံဘုရားနဲ့ တိရစ္ဆာန်ဥယျာဥ်သွားတာ လူမျိုးခြားဖြစ်တဲ့ကျွန်မကပဲ ဝင်ကြေးပေးဆောင်ရပါတယ်။

နောက်ပြီး ပြည်တွင်းလေကြောင်းလိုင်းမှာလည်း နိုင်ငံခြားသားတွေအတွက် စျေးနှုန်းဆိုပြီးတော့လည်း သတ်မှတ်ထားပါသေးတယ်။

ရန်ကုန်ကနေ ပုဂံကို လေယာဥ်ခအသွားအပြန်က ဒေါ်လာ ၂၀၀ လောက်အနည်းလေးရှိတဲ့အတွက် ကျွန်မကတော့ ညအိပ် express နဲ့ပဲသွားဖြစ်တယ်။

(စကားအပိုလေးဖြစ်ပေမဲ့… မြန်မာနိုင်ငံရဲ့ express တွေက တော်တော်သက်သောင့်သက်သာ ရှိတယ်လို့ပြောရမယ်။ ဂျပန်နိုင်ငံရဲ့ သက်သာတဲ့ express ကုမ္ပဏီနဲ့ယှဥ်ရင်တောင် ဒီမှာတကယ်အဆင်ပြေတာပါ)

ဒါလေးကတော့ ဘာစိတ်မှမပါဘဲ ရိုးရိုးလေးပဲတွေးထားတာပေါ့နော်… နိုင်ငံခြားသားတွေကပဲ ဝန်ကြေးအများကြီးပေးရမယ်ဆိုရင် လာရောက်လည်ပတ်မယ့် ခရီးသွားတွေတောင်နည်းသွားနိုင်ချေရှိမယ်လို့ တွေးမိတာလေးပါ။

 

 ၄။ ရေပိုက်လိုင်းတို့ လျှပ်စစ်မီးတို့ ရုတ်တရက် ပြတ်တောက်သွားခြင်း

ဒီကိစ္စနဲ့ပတ်သက်ပြီးတော့တောင် ကျွန်မကျင့်သားရနေပါပြီ!!! (ရယ်လျက်)

၄ လပိုင်းလို ပူပြင်းတဲ့နွေရာသီမှာ ၁ ရက်ကိုပဲ ၂ ကြိမ် ၃ ကြိမ်လောက်မီးပြတ်သွားတဲ့အတွက် အရမ်းပူအိုက်လွန်းလို့ အဆင်မပြေတာတွေလည်းရှိပါတယ်။

အဲ့ဒီလိုပူလောင်တဲ့ရာသီမှာတော့ လျှပ်စစ်မီးနဲ့ ရေပိုက်လိုင်းတို့က တစ်သမတ်တည်း ရရှိမယ်ဆိုကောင်းမှာပဲလို့ ထင်မိပါတယ်

 

 

အပေါ်မှာပြောပြပေးသွားတာတွေက ၁ နှစ်ပတ်လုံး နေထိုင်ပြီးတော့မှ ရရှိလာတဲ့အတွေ့အကြုံလေးတွေပဲဖြစ်ပါတယ်။

ကျက်သရေရှိလိုက်တာလို့ထင်မိတာလေးတွေကတော့

  • ဂျပန်နိုင်ငံနဲ့အတူဘဲ ဗုဒ္ဓဘာသာကိုနေ့စဥ်ဘဝမှာ သက်ဝင်ပြီး၊ ဘာသာရေးကိုင်းရှိုင်းသူများကလည်း များပါတယ်။
  • ဆိုင်တွေမှာလည်း ပရိုမိုးရှင်းလေးတွေရှိတဲ့အတွက် အဲ့ဒီကျေးဇူးကြောင့်ပဲ အသုံးအဆောင်ပစ္စည်းတွေနဲ့ အစားအစာတွေကို စျေးသက်သက်သာသာနဲ့ဝယ်ယူနိုင်ပါတယ်။ )

ဆက်ပြောရအုံးမယ်ဆိုလည်း အများကြီးရှိပါသေးတယ်။

 

ဂျပန်နိုင်ငံမှာရှိနေတဲ့ ကျွန်မရဲ့သူငယ်ချင်းက ကျွန်မကို “ အဆင်ပြေရဲ့လား။ နေထိုင်ရတာရော အခက်အခဲရှိလား” လို့ လှမ်းပြီးစိတ်ပူပေးပါတယ်။ သေချာပေါက် အဆင်မပြေတဲ့နေရာလေးတွေလည်း အနည်းငယ်ရှိပေမဲ့လည်း၊ အဲ့ဒီအရာတွေနဲ့အတူ ပျော်ရွှင်ပြီးသဘောကျတဲ့နေရာတွေလည်း အများကြီးကိုရှိနေတာပါ။ ကျွန်မ မြန်မာပြည်ကိုကြိုက်ပါတယ်။

 

စာဖတ်သူတို့လည်း လက်ရှိမြန်မာနိုင်ငံမှာနေထိုင်နေတဲ့ နိုင်ငံခြားသားအသိမိတ်ဆွေရှိမယ်ဆိုရင် သူတို့ရဲ့အတွေ့အကြုံကိုလည်း မေးကြည့်ရအောင်လား?

 

ဒါဆို အခုဂျပန်နိုင်ငံမှာရောက်နေတဲ့ သူငယ်ချင်းတွေရှိမယ်ဆိုလည်း သူတို့ရဲ့ နေ့စဥ်ဘဝကို မေးကြည့်ပြီးအတွေ့အကြုံလေးတွေနဲ့ ဗဟုသုတတွေကို အချင်းချင်းပြန်မျှဝေရအောင်နော်!!!!!

 

Yuki

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: