မီးသဂြိုလ်ကွင်းထဲက သနားစရာကောင်လေး
8 လပိုင်း 9 ရက်နေ့မှာ နဂစခိမြို့ဟာ အနုမြူဗုံးကြဲခံရပြီး 74 နှစ်ပြည့်ပါပြီ။
အဲဒီအချိန်က ရိုက်ထားတဲ့ ဓာတ်ပုံလေးတစ်ပုံက အခုအခါ ကမ္ဘာတစ်လွှားမှာ ရေပန်းစားနေပါတယ်။
အောက်ကပုံလေးပါ။
https://headlines.yahoo.co.jp/hl?a=20190805-00010002-nishinpc-soci
သူနောက်ကျောမှာ ပိုးထားတဲ့ ညီလေးက သေဆုံးနေပါပြီ။ အသက်မဲ့နေတဲ့ညီလေးကို ကျောပိုးပြီး သူငေးကြည့်နေတဲ့အရာက လူသေအလောင်းတွေကို လောင်ကျွမ်းနေတဲ့ မီးတောက်မီးလျှံတွေပါ။ သူဟာ ကျောပိုးထားတဲ့ သူ့ ညီလေးကို မီးသဂြိုလ်ဖို့ အလှည့်ကို စောင့်နေတာဖြစ်ပါတယ်။ သူ့ ရဲ့ မိဘနှစ်ပါးလုံးလည်း ဗုံးကြဲခံရလို့ မီးလောင်သေဆုံးသွားလောက်ပြီ ထင်ပါတယ်။ အခုကစပြီး လူ့ဘဝကြီးကို သူတစ်ယောက်တည်း လျှောက်လှမ်းရတော့မယ်။
စစ်ဆိုတဲ့အရာဟာ ဒီအရွယ်ကလေးငယ်ကို ဆိုးရွားရက်စက်တဲ့ သက်ရောက်မှုတွေ ဖြစ်စေခဲ့ပါပြီ။ ဒီနှစ် 11 လပိုင်းမှာ ဂျပန်နိုင်ငံကို အလည်အပတ်လာရောက်မယ့် ပုပ်ရဟန်းမင်းကြီးက အဲဒီဓာတ်ပုံကို “စစ်ပွဲကပေးတဲ့ အရာ” ဆိုတဲ့စာသားကို ထည့်သွင်းပြီး ပို့စကတ်အဖြစ်ရိုက်နှိပ် ထုတ်ဝေမယ် လို့ဖွင့်ဟပြောကြားခဲ့ပါတယ်။
ဒီဓာတ်ပုံကို အမိအရရိုက်ခဲ့တဲ့သူကတော့ အမေရိကန်စစ်တပ်က ဓာတ်ပုံဆရာ Joe O Danell ဖြစ်ပါတယ်။ သူဟာဗုံးကြဲခံရပြီးနောက် ချက်ချင်း နာဂစခိမြို့ကိုသွားပြီး ဓာတ်ပုံပေါင်း 300 ကျော်ရိုက်ယူခဲ့ပါတယ်။ သူဟာ သူ့ရဲ့အမိနိုင်ငံဖြစ်တဲ့ အမေရိကနိုင်ငံကြောင့် ဖြစ်ပွားခဲ့ရတဲ့ ဒီစစ်ဘေးဒဏ်သင့်တဲ့ကပ်ဆိုးကြီးကို လူထုကိုဖွင့်ထုတ်ပြသနိုင်ဖို့သတ္တိမရှိဘဲ နှစ်ပေါင်း 40 ကြာတဲ့အထိ ဖလင်ကို ဓာတ်ပုံအဖြစ်မထုတ်ပဲ သိမ်းထားခဲ့ပါတယ်။ ဒါပေမယ့် ဒီဓာတ်ပုံတွေအကြောင်းကို သိနေတဲ့ သူ့ရဲ့ဇနီးဖြစ်သူ ဂျပန်လူမျိုး ခိမိခိုစံက ကမ္ဘာပေါ်မှာ ဒီလိုစစ်ပွဲတွေ ထပ်မံမဖြစ်ပွားရအောင် ဒီဓာတ်ပုံတွေကို လူအများသိအောင်ဖော်ထုတ်ပြသဖို့ တောင်းဆိုခဲ့တဲ့အတွက် အခုလို လူထုကို ပြသအသိပေးလိုက်တာ ဖြစ်ပါတယ်။
ဒီကောင်လေးက ဘယ်လိုဖြစ်သွားပြီလဲ အခုရော ကျန်းကျန်းမာမာရှိရဲ့လား ဆိုပြီးဆက်တိုက် ရှာနေကြပေမယ့် ခုချိန်ထိသူ့ကို ရှာလို့မတွေ့သေးပါဘူး
သူ့ရဲ့မျက်လုံးတွေ ပြီးတော့ သူ့ရဲ့လက်ချောင်းတွေမှာ ဝမ်းနည်းမှုတွေကို ပွေ့ပိုက်ထားပေမယ့် ကြိုးစားပြီးရှင်သန်နေထိုင်သွားရမယ် ဆိုတဲ့စိတ်ပိုင်းဖြတ်ထားမှုကို တွေ့နေရပါတယ်။
သူနေထိုင်တဲ့ နဂစခိမြို့မှာ လူဦးရေ 2 သိန်း 4 သောင်းကျော်နေထိုင်တာဖြစ်ပြီး ဒီဗုံးတစ်လုံးကြောင့် လူပေါင်း 7 သောင်း 4 ထောင်ကျော် သေဆုံးခဲ့ရပါတယ်။ ဒီနောက်ပိုင်းမှာလည်း ဗုံးကြောင့် ရေဒီယိုသတ္တိကြွမှုတွေဖြစ်ပြီး ပတ်ဝန်းကျင်ညစ်ညမ်းလာတာကြောင့် လူတွေရောဂါခံစားကြရပါတယ်။ မီးသဂြိုလ်လို့မဆုံးနိုင်တဲ့ အလောင်းတွေဟာ တစ်မြို့လုံးအနှံ့ဖြစ်နေခဲ့ပါတယ်။ ပူပြင်းလှတဲ့ နွေအပူဒဏ်ကြောင့် အလောင်းတွေဟာ ပုပ်သိုးပြီး အနံ့ဆိုးတွေတင်မကပဲ ရောဂါတွေပါ ပြန့်ပွားလာခဲ့ပါတယ်။
“ညီလေးကိုဆုံးရှုံးခဲ့တဲ့အပြင် မိသားစုကလည်း သေလားရှင်လားမသိနိုင်တဲ့ သူဟာဘယ်လိုစိတ်ခံစားချက်နဲ့များ ဒီမြို့မှာဆက်လက်နေထိုင်ရှင်သန်သွားမှာပါလိမ့်”
ဒီလိုသနားစရာ ကလေးငယ်တွေနဲ့ ဝမ်းနည်းစရာအဖြစ်တွေ ထပ်ပြီးမဖြစ်ရလေအောင် စစ်ပွဲတွေကင်းပြီး ချစ်ခြင်းတရားတွေအပြည့်နဲ့ ငြိမ်းချမ်းတဲ့ကမ္ဘာမြေကြီးကို ဝိုင်းဝန်းတည်ဆောက်လိုက်ကြရအောင်နော်။
Kengo Abe