အထက်တန်းကျောင်းသူလေးရဲ့ နာကျင်၀မ်းနည်းစရာအဖြစ်အပျက်
၂၀၀၂ ခုနှစ်မှာမွေးဖွားခဲ့တဲ့ ကောင်မလေးတစ်ယောက်က ၂၀၁၈ ခုနှစ်ရဲ့နွေဦးမှာ အားလုံးနဲ့အတူတူ အထက်တန်းကျောင်းစတက်ခဲ့ပါတယ်။
သူ့မှာသူငယ်ချင်းတော်တော်များများလည်းရှိပြီး စာကိုလည်းသူများထက်ပိုကြိုးစားရင်း ပြီးပြည့်စုံတဲ့ကျောင်းသူဘဝကို ဖြတ်သန်းနေပါတယ်။
ဒါပေမဲ့ ပျော်ရွှင်နေခဲ့တဲ့သူမဟာ ရောဂါတစ်မျိုးကြောင့် မဖြစ်မနေဆေးရုံတက်ရမယ့် အခြေအနေဖြစ်လာခဲ့ပါတယ်။
သူငယ်ချင်းတွေကို အရမ်းချစ်တာရယ် စာလေ့လာရတာလည်း ပျော်တဲ့အတွက် သူမဟာ ဆေးရုံတက်လိုက်ဆင်းလိုက်နဲ့ ကျောင်းကိုမရမက ဆက်တက်ခဲ့ပါတယ်။
ဒါပေမဲ့ ရောဂါကပိုဆိုးလာတာကြောင့် ၉ လပိုင်းလောက်ကနေ ကျောင်းမသွားနိုင်တော့ပါဘူး။
ကျောင်းသွားချင်တယ်ဆိုတဲ့ ဇောတစ်ခုတည်းကြောင့် ရောဂါကိုကျော်လွှားနိုင်ခဲ့ပြီး ၁၁ လပိုင်းလလယ်လောက်မှာ ကျောင်းပြန်တက်နိုင်ခဲ့ပါတယ်။
စောင့်နေတဲ့သူငယ်ချင်းတွေကလည်း ဝမ်းသာအားရဖြစ်သွားကြပြီး ပျော်စရာကောင်းတဲ့ ကျောင်းသူဘဝကို ပြန်ရနိုင်ခဲ့ပေမဲ့ …
ကျောင်းခေါ်ချိန်မပြည့်တဲ့အတွက် ဒုတိယနှစ်ကိုဆက်တက်ခွင့်မရဘဲ
ပထမနှစ်ကို နောက်တစ်ကြိမ်ပြန်တက်ပါဆိုပြီး သူမကို ကျောင်းကညွှန်ကြားခဲ့ပါတယ်။
တကယ်တော့ သူကျောင်းကိုပြန်လာတက်ကတည်းက ထူးဆန်းတဲ့ကောလာဟလတွေ ပျံ့နှံ့နေခဲ့တယ်။
ဒီကလေးက ကျောင်းမှာအနိုင်ကျင့်ခံရလို့ ဆက်မတက်တော့တာတဲ့
ကျောင်းထုတ်ခံလိုက်ရတာဆိုပဲ
အကုန်လုံးက အလိမ်အညာတွေဖြစ်ပါတယ်။ ကောလာဟလတွေကြားမှာ ပင်ပန်းလာတဲ့ သူမဟာ တခြားကျောင်းမှာ ပထနှစ်ကနေစပြီး ပြန်တက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။
ဒီလိုနဲ့ ၂၀၁၉ ခုနှစ်ရဲ့နွေဦးမှာ ကျောင်းဝင်ခွင့်စာမေးပွဲကို နောက်တစ်ကြိမ် ဝင်ရောက်ဖြေဆိုတဲ့အချိန်မှာ အောင်မြင်ခဲ့ပြီး အထက်တန်းကျောင်းရဲ့ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ဒုတိယအကြိမ်တက်ရောက်ခဲ့ပါတယ်။
အားလုံးက သူ့ထက်အသက်ငယ်တဲ့အတွက် စိတ်ထဲမှာတစ်မျိုးဖြစ်ပေမဲ့ သက်တူရွယ်တူတွေလိုပဲ ပေါင်းသင်းဆက်ဆံဖို့ သူဆုံးဖြတ်ခဲ့ပါတယ်။
ဒါပေမဲ့ အသက်ကွာတယ်ဆိုတာကို ဖုံးကွယ်မထားဘဲ အမှန်အတိုင်း သူငယ်ချင်းတွေကို ပြောပြခဲ့ပါတယ်။
ဒီအခါမှာ မခေါ်တော့တဲ့လူလည်းရှိတဲ့အပြင်
နောက်ထပ် ထူးဆန်းတဲ့ ကောလာဟလတွေ ထွက်ပေါ်လာပါတယ်။
ရာဇဝတ်မှုကျူးလွန်ခဲ့လို့ ကျောင်းထုတ်ခံရတဲ့ပုံပဲ
ဗိုက်ကြီးလို့ကျောင်းနားခဲ့တာဆိုလားပဲ
သူငယ်ချင်းတွေ နှိပ်စက်လို့ကျောင်းထွက်ခဲ့တာ လို့ကြားမိတာပဲ
တစ်ချို့သူငယ်ချင်းတွေကတော့ သူ့စကားကိုယုံကြည်လို့ ပိုပြီးရင်းနှီးလာကြပေမဲ့ ကောလာဟလကို ယုံတဲ့လူ ၉၀ ရာခိုင်နှုန်းက ဝန်းရံနေတဲ့ဘဝကြီးဖြစ်ပါတယ်။
နောက်ပိုင်းမှာ သူဟာနိုင်ထက်စီးနင်းပြုမူတာတွေကို ခံလာရပါတယ်။
ကျောင်းစီးဖိနပ်ကို အမှိုက်ပုံးထဲပစ်ခံရတာ၊ စာရေးစားပွဲပေါ်မှာ ညစ်ပတ်အောင်ရေးခြစ်ခံရတာတွေခံရတဲ့အပြင် လူမှုကွန်ရက်ပေါ်မှာလည်း သူ့အကြောင်းအတင်းအဖျင်းတွေပြောကြပါတယ်။
သေချင်တယ်လို့ပဲ တွေးမိတဲ့နေ့ရက်တွေကို ဖြတ်သန်းနေရပါတယ်။
ဆရာမတွေကလည်း မြင်ရင်တောင် မမြင်သလို ဟန်ဆောင် သွားကြပါတယ်။
ဒါနဲ့ သူက အင်တာနက်ပေါ်မှာ ဒီလိုပို့စ်ကိုတင်ခဲ့ပါတယ်။
အရှုံးသမား၊ ပတ်ဝန်းကျင်နဲ့မတူတဲ့လူ
ဒီလိုလူကို ကမ္ဘာလောကကြီးက ညှာတာခြင်းကင်းမဲ့စွာ ၀ေဖန်တိုက်ခိုက်ကြပါတယ်။ ဒါတကယ်အဖြစ်အပျက်လားဆိုရလောက်အောင် နာကျင်ပြင်းပြစွာခံစားခဲ့ရတယ်။
ဒီလောက်ထိခံရနေရပေမဲ့ ဒါကျွန်မရွေးချယ်ခဲ့တဲ့လမ်းဖြစ်တာကြောင့် ကျရှုံးခြင်းကို အနိုင်မယူလို့မဖြစ်ဘူး ကျော်လွှားနိုင်မှဖို့တာ၀န်ရှိတယ်။
“ တာဝန်ဆိုတာ စကားလုံးတစ်လုံးတည်းဆိုပေမဲ့ ကိုယ့်ရဲ့ ဦးတည်ချက်ကို လမ်းလွဲမသွားစေဘဲ ၀မ်းနည်းနာကျဥ်းစရာကောင်းတဲ့ ဒီကျောင်းမှာ 3 နှစ်တာပညာသင်ကာလ ပြီးဆုံးအောင်သင်ယူဖို့က ကျွန်မရဲ့ တာဝန်လို့ပဲ တွေးထားပါတယ်။
လွယ်တော့မလွယ်ဘူးဆိုတာကို ကျောင်းဝင်ကတည်းက တွေးထားပြီးသားပဲလေ။”
ရောဂါဖြစ်ခဲ့တာကလည်း သူမရဲ့အပြစ်မှမဟုတ်တာ။
အခုလိုဖြစ်နေတာတောင်မှ စာသင်ကာလပြီးဆုံးတဲ့အထိ ဆက်တက်ခဲ့တဲ့သူမရဲ့ စိတ်ဓာတ်ခိုင်မာမှု။
ခုလက်ရှိဂျပန်နိုင်ငံဟာ ဆုံးရှုံးခဲ့ဖူးသူ၊ ရာဇဝတ်မှုကျူးလွန်ခဲ့ဖူးသူတွေအတွက် ပြန်ပြီးနလန်ထနိုင်မယ့် အခွင့်အရေးမရှိဘူးဆိုတဲ့ အခြေအနေဖြစ်နေပါတယ်။
ဒီထက်ပိုပြီး နားလည်ခွင့်လွှတ်ပေးနိုင်ဖို့ လိုအပ်နေပြီမဟုတ်ပါလား။
Kengo Abe