ဂျပန်တွေရဲ့မျက်ရည်ချူတဲ့ မင်္ဂလာပွဲ
မင်္ဂလာဆောင်ပွဲဆိုတာက မိတ်ဆွေအပေါင်းအသင်းတွေကို ဖိတ်ကြားပြီးတော့ ဂုဏ်ပြုပွဲကျင်းပတယ်ဆိုတာတော့ ဂျပန်မှာလည်းအတူတူပါပဲ။
ဒါက၊ မြန်မာမှာလည်းအတူတူပါပဲ။
ဒါပေမဲ့ ကွာခြားတာကတော့၊ ဂျပန်ရဲ့ မင်္ဂလာပွဲတွေမှာ မျက်ရည်ချောင်းစီးတဲ့ ကိစ္စပါပဲ။
ဂုဏ်ပြုပွဲဖြစ်ပါလျက်နဲ့၊ ဘာလို့ ငိုကြတာလဲ။
အရင်ဆုံး ဂျပန် မင်္ဂလာပွဲရဲ့ အဓိပ္ပာယ်က မြန်မာမင်္ဂလာပွဲတွေနဲ့ ကွာခြားတာကို ရှင်းပြချင်ပါတယ်။
ဂျပန်မှာ မင်္ဂလာဆောင်လိုက်ပြီဆိုတာနဲ့၊ မိန်းကလေးတော်တော်များများရဲ့ နာမည်က ပြောင်းလဲသွားပါတယ်။
Family Name(မျိုးရိုးအမည်) + Given Name(အမည်)
ဆိုပြီးပေးထားတဲ့ နာမည်ဖြစ်ပေမယ့်၊ မျိုးရိုးနာမည်က သတို့သားရဲ့ မိသားစုမျိုးရိုးအမည်ကို ပြောင်းလဲရတဲ့အတွက် ဖြစ်ပါတယ်။
အရင်တုန်းက လက်ထပ်ပီးသွားရင် သတို့သမီးက သတို့သားအိမ်ရဲ့ မိသားစုဖြစ်သွားပြီးတော့၊ ဘယ်တော့မှ မူလအိမ်ရဲ့ မိသားစုဝင်မဖြစ်နိုင်တော့ပါဘူး။
အခုချိန်မှာတော့ အဲလိုအတွေးအခေါ်တွေ သိပ်မရှိတော့ပေမယ့်၊ ကိုယ့်ရဲ့ ကျေးဇူးရှင် မိဘတွေကို အရိုအသေပေးတယ်ဆိုတဲ့ အဓိပ္ပာယ်တွေပါဝင်ပါတယ်။
ဒါကြောင့် မင်္ဂလာပွဲမှာဆိုရင် နှစ်ဖက်မိဘတွေက အဓိကဇာတ်ဆောင်တွေ ဖြစ်ပါတယ်။
သူငယ်ချင်းတွေ လာပြီးတော့ ဆူဆူညံညံနဲ့ ကဲလို့ရတဲ့နေရာမဟုတ်ပါဘူး။
ပြီးတော့ ဒီပွဲကို တကယ်ကို ဝါရင့် သမ္ဘာရင့် ဘိသိတ်ဆရာတွေက ဦးစီးလုပ်ဆောင်သွားပါတယ်။
မင်္ဂလာဆောင်ပွဲရဲ့နောက်ဆုံးမှာ မဖြစ်မနေလုပ်ဆောင်တာကတော့၊ သတို့သမီးက မိဘနှစ်ပါးအတွက် ရေးထားတဲ့စာပေးတာပဲ ဖြစ်ပါတယ်။
ခုအချိန်အထိ ကျွေးမွေးစောင့်ရှောက်လာတဲ့အတွက် ကျေးဇူးတင်ကြောင်း ရေးသားတဲ့စာဖြစ်ပါတယ်။ ပြီးတော့ ကလေးဘဝတုန်းက အဖြစ်အပျက်တွေကို ပြန်ပြောထားတဲ့အတွက် မိဘကလည်း ကလေးရဲ့ငယ်ဘဝကို သတိရမိတာတွေ၊ သူတို့ရဲ့ကလေး လှလှပပကြီးပြင်းလာတယ်လို့တွေးမိပြီး ငိုမိကြတာပါ။
အခုတလောဆိုရင် အဖေနဲ့အမေကို ဝက်ဝံမွှေးပွရုပ်လက်ဆောင်ပေးတာမျိုးတွေတောင် ရှိလာပါတယ်။
ဒီဝက်ဝံရုပ်ရဲ့ အလေးချိန်က၊ ကလေးမွေးစအချိန်တုန်းက အလေးချိန်ကို ရည်ညွှန်းတာပါ။
အဲဒါကို လက်ဆောင်ရတဲ့အချိန်မှာ၊ ကလေးတုန်းက အချိန်တွေကို ပြန်သတိရပြီး၊ နောက်ထပ်မျက်ရည်တွေ ထပ်ကျလာပါတယ်။
ဒီလိုမျိုးနဲ့ ဂျပန်မင်္ဂလာပွဲတွေကဆိုရင် သတို့သမီး၊ ပြီးရင် သတို့သမီး အဖေနဲ့ အမေမငိုရင် ပွဲမပြီးတဲ့အနေအထားမျိုးဖြစ်နေပါတယ်။
ဒါတင်ပဲလား?
ဒါတင်မကပါဘူး။ လူငယ်တွေကတော့ လူငယ်သဘာက ဆူဆူညံညံနဲ့ ကဲချင်ကြပါတယ်။
ဒါကြောင့်၊ မင်္ဂလာအခမ်းအနား ဖြစ်သွားရင် ဒုတိယပွဲကို ပြင်ဆင်ထားရပါတယ်။
ဒုတိယပွဲမှာတော့ နှစ်ဖက်အိမ်က မိဘတွေ အသိုင်းအဝိုင်းတွေ မလာပါဘူး။ လူငယ်တွေပဲစုပြီးတော့ ကဲကြတာပါ။
‘မျက်ရည်ကျရတဲ့ မင်္ဂလာပွဲမျိုးကို မလုပ်လည်းရတယ်မလား’ လို့ဆိုတဲ့အတွေးအခေါ်တွေလည်း ရှိပေမယ့်၊ ဂျပန် မင်္ဂလာပွဲရဲ့ ရိုးရာပုံစံဖြစ်နေတဲ့အတွက် အခုချိန်မှာ
လည်းမပျောက်ကွယ်သွားနိုင်သေးပါဘူး။