အသက် ၇ နှစ်နဲ့ပေးစားခံရတဲ့ သတိုးသမီးငယ်။ နိုင်ငံရေးအရအသုံးချခံသာဖြစ်ရတဲ့ Tokugawa Ieyasu ရဲ့ မြေးမကလေး။

ဆာမူရိုင်းတွေ အင်အားချင်းယှဥ်ပြိုင်ခဲ့ကြတဲ့ Sengoku အချိန်ကာလ။
ထိုအချိန်က ဆာမူရိုင်းသားသမီးတွေမှာ ဘဝလက်တွဲဖော်ကိုလွတ်လပ်စွာရွေးချယ်နိုင်သူ အင်မတန်ရှားပါးခဲ့ပါတယ်။
အသက် ၇ နှစ်နဲ့ပေးစားခံရပြီး၊ အဲ့ဒီနောက်ပိုင်း စိတ်မချမ်းမြေ့စရာများနှင့်သာကြုံတွေ့ခဲ့ရတဲ့ Senhime ဆိုတဲ့အမျိုးသမီးတစ်ဦးရှိပါတယ်။
နောက်ဆုံးမှာ မိမိနဲ့သွေးသားတော်စပ်တဲ့အဖိုးဖြစ်သူကပဲ မိမိအိမ်ထောင်ကိုဖျက်ဆီးခဲ့ပြီး ကြေးကွဲစရာအဖြစ်ဆိုးနဲ့ကြုံတွေ့ခဲ့ရတဲ့ မိန်းကလေးရဲ့အကြောင်းကို ပြောပြပေးချင်ပါတယ်။

Sengoku အချိန်ကာလကို အခုခေတ်နဲ့ပြောရရင် စီရင်စုအသီးသီးလိုမျိုး အစုအဖွဲ့လေးတွေနဲ့ နိုင်ငံအသီးသီးအဖြစ် ပိုင်းခြားထားခဲ့ပါတယ်။
ဒါကို အားလုံးစုပေါင်းပြီးအုပ်ချုပ်တာကတော့ ဧကရာဇ်ဖြစ်ပြီး၊ စုစည်းလိုက်ရင်ဂျပန်လို့သာခေါ်ပေမဲ့၊ နိုင်ငံငယ်တစ်ခုနဲ့တစ်ခုက အမြဲလိုတိုက်ခိုက်ပြီး နယ်မြေလုကြပါတယ်။

ဥပမာပေးရရင် သင်ဟာနိုင်ငံငယ်တစ်ခုရဲ့ အရှင်သခင်ဆိုပါစို့။
အနီးအနားမှာ အတော်လေးအင်အားကြီးတဲ့ A ဆိုတဲ့နိုင်ငံကရှိမယ်။ ဘယ်လိုပဲဖြစ်ဖြစ် မိမိနိုင်ငံကိုမျက်စောင်းထိုးနေမယ်။
ဒါတင်မကသေးဘဲ အနီးမှာ A နိုင်ငံလိုပဲ စစ်အင်အားကိုပိုင်ဆိုင်ထားတဲ့ B နိုင်ငံထပ်ရှိနေအုံးမယ်။

ဒါဆိုသင်ဘယ်လိုလုပ်မလဲ?
ဘာမှမလုပ်ဘူးဆိုရင် A နိုင်ငံဟာ သင့်နိုင်ငံကိုကျူးကျော်ပြီး နယ်မြေလုလာမှာဖြစ်တဲ့အတွက်၊ B နိုင်ငံနဲ့မဟာမိတ်ဆက်ဆံရေးကိုတည်ဆောက်ပြီး A နိုင်ငံက လာမတိုက်ခိုက်နိုင်အောင်လုပ်ရမယ်။ ဒါမှမဟုတ် ဆန့်ကျင်ဘက်အနေနဲ့ A နိုင်ငံကို တိုက်ခိုက်ချေမှုန်းပစ်ရပါမယ်။

ဒါဖြင့် မဟာမိတ်ဆက်ဆံရေးကို ဘယ်လိုတည်ဆောက်ကြမလဲ?
ဒီနေရာမှာ အသုံးချခံရတာကတော့ ကလေးတွေရဲ့လက်ထပ်ပွဲပဲဖြစ်ပါတယ်။

ဂျပန်လက်ထပ်ပွဲရဲ့အယူအဆဟာ တစ်ဦးတစ်ယောက်ချင်းစီထက် မိသားစုတစ်စုနဲ့တစ်စု ပေါင်းစည်းလိုက်ခြင်းလို့ တွေးကြပါတယ်။
ဒါကြောင့် ကလေးတွေရဲ့လက်ထပ်ပွဲကို မိဘကပဲဆုံးဖြတ်လေ့ရှိပါတယ်။
ဟုတ်ပါတယ်၊ ဒီတစ်ခေါက်လည်း သင်ဟာသင့်ရဲ့သမီးကို B နိုင်ငံအရှင်သခင်ရဲ့သားနဲ့ လက်ဆက်ပေးရပါမယ်။
ဒီပွဲကြောင့် B နိုင်ငံအရှင်သခင်နဲ့သင်ဟာ ခမည်းခမက်ဖြစ်သွားပြီး ဆက်ဆံရေးခိုင်မာလာမယ်။

B နိုင်ငံအနေနဲ့ကတော့ သင့်ရဲ့သမီးတော်ကို မိမိတို့ဆီယူ‌ဆောင်လာတာဖြစ်တဲ့အတွက်၊
သစ္စာဖောက်ရင် သင့်သမီးကိုသတ်ကြလိမ့်မယ်။

တစ်ဖက်မှာတော့ ဒီလိုခြိမ်းခြောက်မှုမျိုးရှိပါတယ်။
ဓားစာခံလို့လည်းပြောလို့ရပါတယ်။

ထိုအချိန်က ဒီလိုဆာမူရိုင်းတွေရဲ့လက်ထပ်ပွဲမှာ ကြေကွဲစရာအဖြစ်အပျက်များစွာ ပေါ်ထွက်ခဲ့ပါတယ်။
ဒီတစ်ခေါက်မိတ်ဆက်ပေးမယ့် Senhime ဟာ နောက်ပိုင်းမှာဂျပန်ကို တစ်ခုတည်းအဖြစ်ပေါင်းစည်းမယ့် Tokugawa Ieyasu ရဲ့ မြေးဖြစ်ပါတယ်။
အလွန်ဆိုးတဲ့မိသားစုရဲ့ သမီးဖြစ်တယ်။

Tokugawa မိသားစုဟာ 1603 ခုနှစ်မှာ ဂျပန်ကိုပေါင်းစည်းပြီး၊ Edo Shogunate ကိုဖွဲ့စည်းပြီး တစ်နိုင်ငံလုံးကိုစတင်အုပ်ချုပ်တယ်။
ပထမဆုံး ရှိုးဂန်း(စစ်ဗိုလ်ချုပ်) တစ်နည်းဖြင့် Edo Shogunate ရဲ့ထိပ်ဆုံးဟာ Tokugawa Ieyasu ပဲဖြစ်ပါတယ်။
၎င်းရဲ့သားဖြစ်ပြီး ဒုတိယရှိုးဂန်းဖြစ်တဲ့ Tokugawa Hidetada ရဲ့သမီးအဖြစ်၊ Senhime ဟာ 1597 ခုနှစ်မှာ မွေးဖွားလာခဲ့ပါတယ်။

သူမမွေးဖွားလာတဲ့အချိန်မှာ Tokugawa Ieyasu ဟာ ဂျပန်နံပါတ်တစ်ဖြစ်နေခဲ့ပေမဲ့၊ ဒီမတိုင်ခင်မှာ အာဏာကိုပိုင်ဆိုင်နိုင်ခဲ့တဲ့ Toyotomi Hideyoshi ရဲ့အင်အားမှာလည်း ကြောက်စရာကောင်းလောက်အောင်ပါပဲ။
စကားမစပ် Tokugawa Ieyasu ဟာ Hideyoshi ထံမှာ အမှုထမ်းခဲ့ဖူးတဲ့အတွက် အရင်ကတည်းက ကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့တယ်။
ဒါပေမဲ့ Hideyoshi သေဆုံးပြီးနောက် အာဏာကိုလုခဲ့တဲ့ Ieyasu ကို၊ Toyotomi မိသားစုဘက်မှာရှိတဲ့ ဆာမူရိုင်းတွေဟာ မကျေမနပ်ဖြစ်လာကြတယ်။

အဲ့ဒီထဲမှာ 1603 ခုနှစ်၊ Senhime ဟာ Hideyoshi ရဲ့သား Hideyori နဲ့ ပေးစားခံလိုက်ရပါတယ်။
ထိုအချိန် Senhime ရဲ့အသက်က ၇ နှစ်သာရှိပါသေးတယ်။
Hideyori ကလည်း အသက် ၁၁ နှစ်ကလေးအရွယ်ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မိသားစုနှစ်စုကြား ဆက်ဆံရေးတစ်ခုတည်ဆောက်ခြင်းဖြစ်ပြီး၊ မိမိအပေါ်ပုန်ကန်နိုင်တဲ့ အင်အားစုသို့ဖိအားအဖြစ် လက်ထပ်ပွဲသာဖြစ်ပါတယ်။
ဒါပေမဲ့ နှစ်ယောက်သားကတော့ သင့်မြတ်ကြပြီး၊ ကလေးတွေမလုပ်နိုင်တဲ့အရာတော့ မလုပ်ကြပေမဲ့၊ ငယ်သူငယ်ချင်းတွေလိုပဲ တစ်ဦးပေါ်တစ်ဦး မေတ္တာနဲ့အတူနေထိုင်သွားကြပါတယ်။

သို့သော် ဝမ်းနည်းစရာကိစ္စတစ်ခုဖြစ်လာတော့တယ်။
Senhime အသက် ၁၈ နှစ်ရောက်လာတဲ့အချိန် …
သူမရဲ့လက်ထပ်ပွဲမှာ မိဘတွေဟာ နှစ်ဦးနှစ်ဖက်ကောင်းမွန်တဲ့ဆက်ဆံကို တည်ဆောက်ဖို့မြင်ခဲ့ပေမဲ့၊ 1614 ခုနှစ်မှာ Tokugawa မိသားစုဟာ Toyotomi မိသားစုနဲ့ Senhime နေထိုင်တဲ့ အိုဆာကာရဲတိုက်ကို ရုတ်တရက်ကျူးကျော်တိုက်ခိုက်လာခဲ့တယ်။
စစ်ပွဲ ၂ ကြိမ်ဖြစ်ပြီးသွားတဲ့နောက်မှာ ခင်ပွန်းသည်ဖြစ်တဲ့ Hideyori နဲ့ ယောက္ခဖြစ်သူ Yodogimi တို့ဟာ ကိုယ့်ကိုကိုယ်သတ်သေသွားပြီး Toyotomi မိသားစုလည်း ပျက်သုဥ်းသွားပါတော့တယ်။

မျှော်လင့်ချက်ပျောက်သွားတဲ့အခြေအနေထဲမှာ Senhime ဟာ အဖိုးဖြစ်သူရဲ့ Ieyasu ရဲ့အမိန့်နဲ့ ဘေးမသိရန်မခ စောင့်ရှောက်ခံထားရပါတယ်။
သူမဟာ Hideyori နဲ့အတူသတ်သေဖို့ကြိုးစားခဲ့တယ်လို့လည်း ပြောကြပါတယ်။

Senhime တစ်ယောက် ချစ်လှစွာသောခင်ပွန်းကိုဆုံးရှုံးခဲ့ရတယ်။
နောက်ပြီး ဒါဟာ အဖိုးဖြစ်သူဟာ အဖေ့ကြောင့်တိုက်ခိုက်ရခြင်းဖြစ်တယ်။

ဝမ်းနည်းစရာနဲ့ဖြတ်သန်းရတဲ့ Senhime ရဲ့ဘဝမှာ ပိုပြီးကြေကွဲစရာကောင်းတဲ့ အဖြစ်အပျက်တွေရောက်လာပြန်တယ်။
အသက်အကြီးဆုံးစစ်သူကြီးတစ်ယောက်က ဒီလိုပြောလာခဲ့တယ်။

Senhime ကိုကယ်တင်ရင် သူနဲ့လက်ဆက်ခွင့်ရမယ်….

လို့ Ieyasu ကပြောခဲ့တယ်။

ဒါပေမဲ့ Senhime အဲ့ဒီအချိန်မှာ တစ်ခြားဆာမူရိုင်းတစ်ယောက်နဲ့ ထပ်မံလက်ထပ်ဖို့ ဆုံးဖြတ်ခံရပြီးသားဖြစ်ပါတယ်။
ထိုသက်ကြီးရွယ်အိုစစ်သူကြီးဟာ Senhime သတိုးသမီးဖြစ်မယ့်အိမ်ကိုတိုက်ခိုက်ပြီး Senhime ကိုလုယူဖို့ ကြံစည်ထားခဲ့တယ်။
ဒါဟာ သတိုးသမီးကိုဓါးပြတိုက်ယူထားပဲဖြစ်ပါတယ်။

ဒါပေမဲ့ ဒီအကြံဟာပေါ်သွားခဲ့ပြီး အားလုံးသိသွားကြပါတယ်။
ရလဒ်အနေနဲ့၊ ထိုသက်ကျားအိုစစ်သူကြီးဟာ သေကြောင်းကြံစည်သွားတယ်။ သူ့ရဲ့မျိုးနွယ်စုကပဲ ပြစ်ဒဏ်ပေးခံရပြီး သူ့မိသားစုမျိုးဆက်ပြတ်သွားပါတော့တယ်။

Senhime ဟာ သူမဆန္ဒမပါသလို သူမကိုယ်တိုင်ဘာမှမသိဘဲ “ မကောင်းဆိုးဝါးမိန်းမ” လို့အမြင်ခံရလာတော့တယ်။

ဒီလိုနဲ့ Senhime ဟာ 1616 ခုနှစ်မှာ  Honda Tadatoki ဆိုတဲ့ဆာမူရိုင်းနဲ့လက်ထပ်ခဲ့ပါတယ်။
ဒီအမျိုးသားဟာ Tokugawa မိသားစုရဲ့ကျောထောက်နောက်ခံဖြစ်တဲ့ စစ်သူကြီးရဲ့မြေးဖြစ်တယ်။
နောက်ပြီး တော်တော်ကြည့်ကောင်းတဲ့အမျိုးသားလည်းဖြစ်တယ်။

Senhime ဟာ ဒီလိုချောမောတဲ့ဆာမူရိုင်းနဲ့ချစ်ကြိုက်ပြီး လက်ထပ်ဖို့ဆန္ဒရှိသလို၊ ထောက်ခံပေးတဲ့အဖိုးကြောင့်လည်း လက်ထပ်ပွဲဖြစ်မြောက်သွားခဲ့ပါတယ်။

ဒါပေမဲ့ လက်ထပ်ပြီးနောက်တစ်နေ့မှာပဲ ကံဆိုးမှုတွေ ထပ်ဖြစ်လာပြန်တယ်။
Honda မိသားစုဟာ Tokugawa မိသားစုရဲ့အရေးပါတဲ့စစ်သူကြီးဖြစ်တဲ့အတွက်၊ အတိုင်းအတာတစ်ခုအထိ အင်အားကြီးအာဏာကိုပိုင်ဆိုင်ထားတယ်။ ဒါပေမဲ့ အင်အားကြီးလွန်းတဲ့အခါ ပုန်ကန်လာနိုင်တဲ့အတွက်၊ အင်အားလျှော့ချချင်တဲ့ရည်ရွယ်ချက်နဲ့ နယ်မြေပြောင်းဖို့ အမိန့်ပေးခံရပါတယ်။

အခုကျွန်တော်တို့သိတဲ့ Hyogo စီရင်စုက Himeji မြို့မှာရှိတဲ့ Himeji ရဲတိုက်ကို Senhime တစ်ယောက် ရောက်သွားခဲ့ပါတော့တယ်။
သူမဟာ လက်ထပ်ချိန်ကရရှိခဲ့တဲ့ ငွေ 10万石(まんごく)၊ ယနေ့ခေတ်ပေါက်ဈေးနဲ့ဆို ယန်းငွေဘီလီယံ ဆယ်ဂဏန်းကနေ ရာဂဏန်းရှိ အလွန်များတဲ့ငွေတွေကိုအသုံးပြုပြီး မိမိနေရာကိုစောင့်ကြပ်တယ်။

1618 ခုနှစ်မှာတော့ သမီးလေးကိုမွေးဖွားခဲ့ပါတယ်။
နောက်နှစ်မှာ သားယောက်ျားလေးကိုမွေးဖွားပြီး ပျော်စရာအချိန်ကာလကိုရောက်လာခဲ့ပေမဲ့၊ ဒီအပျော်ဟာ ကြာကြာမခံခဲ့ပါဘူး။

သားဖြစ်သူအသက် ၃ နှစ်မှာသေဆုံးပြီး၊ ရှေ့ဆင့်နောက်ဆင့်ပဲ သိပ်ချစ်ရတဲ့ခင်ပွန်းသည်ကိုပါ ဆုံးရှုံးလိုက်ရတယ်။

Tokugawa မိသားစုရဲ့လုံခြုံရေးအတွက် Senhime ဟာ အသုံးချခံရသူတစ်ယောက်သာဖြစ်ပေမဲ့၊ ဒီမှာတင်ပဲ သူမရဲ့ပြင်းပြတဲ့ဆန္ဒကိုထုတ်ပြောပြီး သာသနာ့ဘောင်ထဲသာဝင်သွားခဲ့ပါတယ်။ ဆံပင်ရိတ်ပြီး၊ ဘုရားကျောင်းမှာပဲ နေထိုင်သွားတော့တယ်။

နောက်ပိုင်းနှစ်တွေမှာ သူမ ဘယ်လိုအတွေးတွေနဲ့နေထိုင်သွားခဲ့လဲ?
မိမိကိုအသုံးချခဲ့တဲ့ အဖေနဲ့အဖိုးဖြစ်သူကို ဘယ်လိုတွေးနေခဲ့မလဲ?

အထက်တန်းအဆင့်ဆာမူရိုင်းသာသမီးတွေဟာ အာဏာအချို့ပိုင်ဆိုင်ရပေမဲ့၊ ဒီလိုနိုင်ငံရေးအရ လက်ထပ်ပေးစားခြင်းမျိုးနဲ့ကြုံတွေ့ရပါတယ်။
သာမန်လူတန်းစားပြည်သူတွေမှာတော့ ဒီလိုကိစ္စတွေမရှိဘဲ အတိုင်းအတာတစ်ခုအထိ လွတ်လပ်စွာအချစ်ကိုရှာနိုင်ခဲ့ကြပါတယ်။

ဒီလူနှစ်မျိုးထဲမှာ ဘယ်သူကပျော်ရွှင်ရမယ်လို့ ထင်ပါသလဲ?

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: