ဒုတိယကမ္ဘာစစ်ကြီးကနေ ၇၇ နှစ်ကြာပြီးနောက်။ ယခုပြန်ကြည့်ကြမယ့် တိုကျိုလေကြောင်းတိုက်ခိုက်မှုကြီး ဆိုတာ?
စစ်မဖြစ်ကြပါနဲ့၊ ပြည်သူတွေရဲ့အသက်ကိုမစတေးသင့်ဘူး လို့လွယ်လွယ်သာပြောပေမဲ့၊ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးပြီး နှစ်ပေါင်း ၇၇ နှစ်ကြာသွားပေမဲ့ ယနေ့အချိန်ထိ လူသားမျိုးနွယ်ဟာ စစ်မီးကိုမငြိမ်းနိုင်သေးပါဘူး။
လက်ရှိယူကရိန်းရဲ့ပြည်သူလူထုတွေ စစ်ဘေးသင့်နေကြသလို၊ မြန်မာဟာလည်း ရှုပ်ထွေးတဲ့ပြဿနာကြီးနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။
လူတွေဟာ စစ်မီးကိုမငြိမ်းနိုင်ဘူးလား?
စစ်မဖြစ်ကြပါနဲ့လို့မပြောခင်၊ စစ်ဆိုတာ ဘယ်လိုဖျက်ဆီးမှုတွေယူဆောင်လာသလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိထားစေချင်ပါတယ်။
ဒီဆောင်းပါးထဲမှာတော့ ဂျပန်မြို့တော်ဖြစ်တဲ့ တိုကျိုကိုတိုက်ခိုက်ခဲ့သော အကြီးစားလေကြောင်းတိုက်ခိုက်မှုကို ပြောပြသွားချင်ပါတယ်။
တိုကျိုလေကြောင်းတိုက်ခိုက်မှုကြီး ဆိုတာကိုစာဖတ်သူတို့ကြားဖူးကြပါသလား?
ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးခါနီးမှာ ဂျပန်ဘက်ကလေကြောင်းအင်အား အားနည်းသွားတဲ့အချိန်၊ ၁၉၄၅ ခုနှစ် မတ်လ ၁၀ ရက်နေ့မှာဖြစ်ပျက်သွားခဲ့တဲ့ ညဘက်လေကြောင်းတိုက်ခိုက်မှုကို တိုကျိုလေကြောင်းတိုက်ခိုက်မှုကြီးလို့ခေါ်ပါတယ်။
Chiyoda ရပ်ကွက်နဲ့ Edogawa ရပ်ကွက်တို့အပါအဝင် Koto ရပ်ကွက်၊ Sumida ရပ်ကွက်၊ Taito ရပ်ကွက်ကိုဗဟိုပြုပြီး၊ အကြီးစားဗုံးပေါက်ကွဲမှုကြီးတွေ ဖြစ်ပျက်သွားခဲ့ပါတယ်။
B29 ဗုံးကြဲလေယာဉ်အစီး ၃၀၀ ခန့်ရောက်လာပြီး၊ ၂ နာရီအတွင်း မီးလောင်ဗုံး ၃၃၀,၀၀၀ ကျော်ကို ကြဲချခဲ့ပါတယ်။
မီးလောင်ဗုံးဆိုတာ လောင်စာပါဝင်တဲ့မီးပွားဗုံးတွေဖြစ်ပြီး၊ အများစုသစ်သားဖြင့်သာဆောက်လုပ်ထားကြတဲ့ ဂျပန်ရဲ့လူနေအိမ်တွေအပေါ် လွန်စွာသက်ရောက်မှုရှိခဲ့ပါတယ်။
ဒီတိုက်ခိုက်မှု ၂ နာရီအတွင်းမှာ သေဆုံးသူပေါင်း ၁ သိန်းထိမြင့်တက်ခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေဟာ လူပေါင်း ၁ သန်းကျော်ရှိကြောင်း ဖော်ပြထားပါတယ်။
မျှော်လင့်ချက်အနည်းငယ်ရှိပေမဲ့၊ စစ်ကြီးပြီးသည်အထိ တိုကျိုဟာ လေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း ၁၀၆ ကြိမ်ကိုဖြတ်သန်းခဲ့ရပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေ ၃.၁ သန်းကျော်ရှိတယ်လို့ ပြောကြပါတယ်။
မီးလောင်တိုက်သွင်းခံလိုက်ရတဲ့ တိုကျိုဟာ ဒီလိုပုံစံဖြစ်သွားပါတယ်။
ပုံရဲ့ညာဘက်မှာတွေ့ရတဲ့ လုံးဝန်းနေတဲ့အဆောက်အဦးကြီးဟာ 両国国技館 Ryogoku Kokugikan လို့ခေါ်တဲ့ အမျိုးသားဆူမိုအားကစားပွဲရုံကြီးဖြစ်ပါတယ်။
ဒီနေ့ခေတ်ရဲ့ Sumida ရပ်ကွက်ဝန်းကျင်လောက်ဖြစ်ပါတယ်။
မီးလောင်ဗုံးတွေဟာ ပေါက်ကွဲစေတဲ့ပြင်းအားနဲ့ အဆောက်အအုံတွေကိုဖျက်ဆီးတာမဟုတ်ဘဲ လောင်ကျွမ်းတဲ့နည်းနဲ့ ဖျက်ဆီးတာဖြစ်ပါတယ်။ အဲ့ဒီအတွက် အဆောက်အအုံကြီးတွေဆို ပုံစံကျန်ရစ်ပေမဲ့၊ အဆောက်အအုံငယ်လေးတွေကတော့ အစရှာမရအောင် မီးလောင်ကျွမ်းသွားတယ်လို့ ပြောလို့ရပါတယ်။
ဒီနေရာဟာ Asakusa ပါလို့ပြောရင် စာဖတ်သူတို့သံသယဝင်မလား?
ဒီအပြင်မဟာမိတ်နိုင်ငံမှာတော့ တိုကျိုမှာအဆိပ်ဓာတ်ငွေ့ကို ဘယ်လိုထိရောက်စွာဖြန်းမလဲဆိုတာကို သုတေသနလုပ်ခဲ့ကြတယ်လို့ဆိုပါတယ်။
တိုကျိုမှာအဲ့ဒီလို မီးတွေတောက်လောင်နေတဲ့ကြားက ကျွန်တော်အဖွားဟာ သားငယ်လေးကိုချီပြီးထွက်ပြေးခဲ့ရပါတယ်။
မီးတောက်တွေရဲ့အပူကလွတ်ဖို့ အားလုံးဟာ မြစ်ထဲခုန်ချကြတယ်။ မြစ်ထဲရောက်ပြီးသားလူတွေက နောက်ကနေပြေးဝင်လာတဲ့ ဒုက္ခသည်တွေရဲ့တွန်းတိုက်မှုကို ထပ်မံခံရတယ်…
နောက်နေ့မနက်ရောက်တော့ မြစ်ထဲမှာရေနစ်သေဆုံးသွားတဲ့ လူသေအလောင်းတွေအများကြီး ပေါလောပေါ်နေခဲ့တယ် လို့ဆိုပါတယ်။
အိမ်မီးလောင်သွားတဲ့ကျွန်တော်အဖွားဟာ ထွက်ပြေးတဲ့အချိန်မှာ တန်ဖိုးကြီးတဲ့ကီမိုနိုကိုတော့ တစ်ပါတည်းသယ်လာခဲ့ပါတယ်။
စစ်ပြီးနောက် စားစရာမရှိဘဲဒုက္ခရောက်နေတဲ့အဖွားဟာ အနီးကစီရင်စုအထိ ကလေးငယ်ကိုကျောပိုးပြီးခြေကျင်နဲ့သွားခဲ့တယ်။ ဟိုရောက်တော့ ကီမိုနိုကိုဆန်နဲ့ အပေးအယူလုပ်ခဲ့ပေမဲ့ လယ်သမားဟာအတော်လေးချေငန်ပြီး တန်ဖိုးကြီးကီမိုနိုအတွက် လက်တစ်ဆုပ်စာဆန်လေးကိုသာ ပေးခဲ့ပါတယ်။
အဖွားဟာ ဒီအမှတ်တရကြောင့်ပဲ တိုကျိုဆင်ခြေဖုံးမှာနေထိုင်တဲ့လယ်သမားဆို ဘယ်တော့မှအကောင်းမမြင်နိုင်တော့ဘဲ လောကကြီးကနေထွက်ခွာသွားခဲ့တယ်။
အမျိုးသားအကျိုးစီးပွားရပိုင်ခွင့်တွေအတွက် တိုက်ခိုက်နေကြတဲ့စစ်ပွဲတွေ….။
ဒါပေမဲ့ အမြဲတမ်းထိခိုက်နစ်နာရသူဟာ ပြည်သူတွေသာဖြစ်ပါတယ်။
တိုင်းပြည်ကို စုတ်ပြတ်သတ်သွားအောင် ဖျက်ဆီးတယ်။ ဘဝတွေကို စားစရာမရှိဆင်းရဲနွမ်းပါးသွားစေတယ်။
မီးထဲမှာပါသွားသူတွေလည်း သနားဖို့ကောင်းပေမဲ့၊ ကျန်ခဲ့သူတွေကလည်း အသက်ရှင်လျှက်ငရဲကျသွားတာပါပဲ။
နောက်ပြီး ပြန်လည်တည်ဆောက်ရေးအတွက်ကြိုးစားကြရတာလည်း ပြည်သူတွေပါပဲ။
စစ်ကိုဘယ်သူ့အကျိုးအတွက် တိုက်နေကြတာလဲ?
ကိုယ့်နိုင်ငံကောင်းရင် အခြားနိုင်ငံကို ဖျက်လိုဖျက်ဆီးလုပ်လို့ရသလား?
ဖျက်ဆီးခံရတဲ့နာကြည်းမှုတွေဟာ ကလဲ့စားချေခြင်းကို ဖြစ်ပေါ်စေပါတယ်။
ကျွန်တော်အရမ်းကြိုက်တဲ့ကဗျာဆရာ Mitsuo Aida (相田みつを) စံရဲ့ကဗျားလေးတစ်ပုဒ်နဲ့ အဆုံးသတ်ချင်ပါတယ်။
奪い合えば足らぬ
わけ合えばあまる。
ယှဥ်ပြိုင်ရင် မလုံလောက်ဘူး။
မျှဝေရင် ပိုလျှံမယ်။
နိုင်ငံမြေရော၊စည်းစိမ်ဥစ္စာတွေပါ၊ ကမ္ဘာပေါ်ရှိလူတိုင်း အတူတကွပူးပေါင်းလက်တွဲကြမယ်ဆို လုံလောက်တဲ့ပမာဏရှိပါတယ်။
အမျိုးသားရေးနယ်နိမိတ်နဲ့အယူအဆတွေ၊ ဘာသာတရားတွေမခွဲခြားဘဲ လူတိုင်းမျှဝေနိုင်ကြပါစေ။
တစ်နေ့တော့ လူသားတွေ ဒီအဆင့်ကိုရောက်လာနိုင်ဖို့ ဆန္ဒပြုမိပါတယ်။
Kengo Abe