အရက်မူးမူးနဲ့ သူငယ်ချင်းကိုသတ်ပြီး မြိန်ရေရှက်ရေစားပစ်လိုက်တဲ့ ဧကရာဇ်မျိုးနွယ်ဖွားတစ်ဦး

လူကိုဇတ်တူသားစားဖို့ခွင့်မပြုပေမဲ့၊ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ဇတ်တူသားစားကြတဲ့ သမိုင်းရာဇဝင်ရှိမှာတော့ သေချာပါတယ်။
အစားကြူးလို့ လူသားပြန်စားကြခြင်းသာမကဘဲ၊ အငတ်ဘေးဆိုက်တဲ့အချိန် စားစရာလည်းမရှိလို့ မတတ်သာတဲ့အဆုံး ဇာတ်တူသားစားကြတယ်ဆိုတဲ့နိုင်ငံလည်း လုံးဝမရှိတာတော့ မဟုတ်ဘူးထင်ပါတယ်။

ဂျပန်မှာလည်း လူသားစားတဲ့ယဉ်ကျေးမှုမရှိပေမဲ့ အငတ်ဘေးကြုံလာတဲ့အခါ မလွဲသာလို့စားရတယ် ဆိုတာမျိုးရှိခဲ့တာကိုတော့ ကောင်းကောင်းကြားရပါတယ်။

သို့သော် ဒီတစ်ခေါက်ကတော့ လုံးဝမတူတဲ့အကြောင်းအရာဖြစ်ပါတယ်။
တော်ဝင်မိသားစုဖွားတစ်ယောက်ဖြစ်လို့ ငတ်နေစရာအကြောင်းတော့မရှိပါဘူး။

ဒီတစ်ခေါက်ပြောပြမယ့်လူကတော့ 葦原王(あしはらおう) “ အရှိဟရအိုး”   ဆိုသူပဲဖြစ်ပါတယ်။
သူဟာ ဧကရာဇ် 天武天皇ဧကရာဇ် Tenmu ရဲ့ မြေးဖြစ်သူ 山前王(やまくまおう)” ယာမခုမအိုး” ရဲ့ကလေးအဖြစ် မွေးဖွားလာခဲ့ပါတယ်။ အမေနာမည်ကိုတော့ မဖော်ပြထားပါဘူး။ ဒီအပြင်မွေးဖွားတဲ့ခုနှစ်ကိုပါ မသိရပေမဲ့၊ သူ့ရဲ့ဖခင်ဟာ ၇၂၃ ခုနှစ်မှာ သေဆုံးတဲ့အတွက်၊ သူမွေးဖွားတဲ့အချိန်ဟာ အဲ့ထက်ပိုစောမယ်လို့ ခန့်မှန်းရပါတယ်။

သူဟာ မွေးကတည်းက ကြမ်းကြုတ်တဲ့ယောက်ျားလေးတစ်ယောက်ဖြစ်ပြီး၊ အသက်အရွယ်တစ်ခုရောက်လာပြီးနောက်မှာ အရက်သောက်ရမ်းကားစွာနဲ့ ဘဝကိုဖြတ်သန်းခဲ့ပါတယ်။

တော်ဝင်မျိုးနွယ်ဆိုတဲ့အတွက်၊ ပတ်ဝန်းကျင်မှာ သူ့ကိုအပြစ်တင်ဆုံးမမယ့်လူလည်းမရှိဘဲ စိတ်ကြိုက်လုပ်ချင်ရာ လုပ်နေခဲ့ပါတယ်။ သူ့ဖခင်မှာတော့ နောက်ထပ်ကလေးတွေရှိပေမဲ့၊ အားလုံးဟာ ဖအေတူ မအေကွဲတွေဖြစ်ကြပါတယ်။ သမိုင်းထဲမှာ သူ့မိခင်ရဲ့နာမည်ကို ဖော်ပြခြင်းမခံရတာဟာ အဆင့်အတန်းနိမ့်လို့ ဖြစ်ပါလိမ့်မယ်။
သူ့ရဲ့စရိုက်ဟာ ကြမ်းကြုတ်သလိုပဲ ပတ်ဝန်းကျင်ကလည်း သူ့အပေါ် မေတ္တာခေါင်းပါးမယ်ဆိုတာ တွေးကြည့်နိုင်ပါတယ်။
အဲ့ဒီလိုသနားစရာကောင်းတဲ့အခြေအနေတွေရှိတာကိုနားလည်နိုင်ပေမဲ့၊ သူ့ရဲ့အပြုအမှုဟာ နည်းနည်းထူးဆန်းနေခဲ့ပါတယ်။

၇၆၁ ခုနှစ်မှာ 御使麻呂(みつかいのまろ)ဆိုတဲ့မိတ်ဆွေနဲ့ အရက်သောက်ပြီး လောင်းကစားလုပ်ခဲ့ကြပါတယ်။ စကားစမြည်ပြောရင်းကနေ ရုတ်တရက် အကြီးအကျယ်စကားများ အချေအတင်ဖြစ်လာကြတယ်။

အဲ့ဒီလိုစကားများရန်ဖြစ်ရင်းကနေ သူငယ်ချင်းဖြစ်သူကို သတ်မိလိုက်ပါတော့တယ်။
ဒီလောက်အထိကတော့ ဖြစ်တတ်တယ်လို့ထင်ပါတယ်။
ဒါပေမဲ့ လက်လွန်သွားတာပေါ့ …

သို့သော် အဲ့ဒီနောက်ပိုင်းက ပိုပြီးရူးသွပ်တဲ့လုပ်ရပ်ကို လုပ်ခဲ့ပါတယ်။

သတ်လိုက်တဲ့သူငယ်ချင်းကို ကန်ကျောက်ပြီး ပေါင်သားကိုလှီးထုတ်၊ အလောင်းရဲ့ရင်ဘက်ကို စဉ့်တီတုံးအဖြစ်ခံပြီး အပေါ်မှာအသားတုံးတွေကို နုတ်နုတ်စင်းလိုက်တယ်။ ဟင်းခတ်ပစ္စည်းတွေကိုပါ ရောနှောပြီး ဟင်းပွဲအဖြစ်ဖန်တီးလိုက်ပါတယ်။

ဒီနေ့ခေတ်ဂျပန်မှာတော့ အမဲသားနဲ့လုပ်ထားတဲ့ Yukhoe (ユッケ) ဆိုတဲ့ဟင်းပွဲကို အသားကင်ဆိုင်တွေမှာ ရောင်းချပါတယ်။


သူ့ဟင်းပွဲဟာ ဒီလိုပုံစံမျိုး ဖြစ်နေမလား?

နောက်ပြီး အရက်သောက်ရင်း ထိုဟင်းပွဲကိုအကုန်စားပစ်လိုက်ပါတယ်။
လူသားရဲ့အရသာကိုကျေနပ်သွားပြီး၊ အလောင်းရဲ့ဘေးမှာ သွားလဲလျောင်းနေချိန် လူမိသွားပြီးအကြီးအကျယ် ပွက်လောရိုက်သွားပါတော့တယ်။

ဖမ်းဖို့လာကြတဲ့တာဝန်ရှိသူတွေဟာလည်း တစ်ဖက်လူဟာ တော်ဝင်မျိုးနွယ်ဖြစ်နေတဲ့အတွက် ဒုက္ခရောက်ခဲ့ပေမဲ့၊ နောက်ဆုံးမှာတော့ တော်ဝင်မိသားစုအဖြစ် ပြည်နှင်ဒဏ်ခံရပြီး ကျွန်းသို့ပို့ဆောင်ခံလိုက်ရပါတယ်။

ဒေါသကြောင့် လက်လွန်ပြီး လူသတ်မိတယ်ဆိုတာကိုတော့ နားလည်ပေမဲ့၊ အလောင်းကို စိတ်ရှိတိုင်းခုတ်ထစ်တာတို့၊ ဒီအပြင် မြိန်ရေရှက်ရေစားနေတာ၊ ဒါတင်မကသေးဘဲ အရသာကိုကျေနပ်ပြီး အလောင်းဘေးမှာသွားအိပ်နေတာတို့.. ဒါကိုဘယ်လိုမှ နားမလည်နိုင်ပါဘူး။

ဂျပန်တော်ဝင်မိသားစုဖြစ်လို့သာ ပြည်နှင်ဒဏ်လောက်ပဲခံလိုက်ရပါတယ်။ တကယ်တော့ ဂျပန်သမိုင်းမှာလည်း ကြောက်စရာကောင်းတဲ့ ရာဇဝင်တွေရှိနေပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: