သီလရှင် “ အဲရွှန်းနိ” ၏ရာဇဝင်။ (လောကီကိုစိတ်ကုန်ကာ သီလရှင်ဝတ်သွားသော အလွန်ချောမောသည်မိန်းကလေး)
ရုပ်ရည်ချောမောခြင်းဟာ ဆုလာဘ်တစ်ပါးလို့ပြောကြပေမဲ့၊ အများထင်သလောက် ရုပ်ချောသူကိုယ်တိုင်က ဆုလာဘ်လို့မခံစားရတဲ့ အဖြစ်မျိုးတွေလည်း များစွာရှိပါတယ်။ လိုတာထက်ပိုလာပြီး လိင်ပိုင်းဆိုင်ရာအထိ နှောက်ယှက်ခံရတာမျိုး၊ အတင်းအကြပ် ဖိတ်ခေါ်တာမျိုးကြုံရတဲ့အခါ မည်သူမဆို စိတ်အနှောက်အယှက် ဖြစ်လာတတ်ကြပါတယ်။ ဒီတစ်ခေါက်ဆောင်းပါးမှာလည်း ပြိုင်ဘက်ကင်းမိန်းမလှလို့တောင် တင်စားခံရတဲ့အမျိုးသမီးဟာ လောကကြီးကို ရွံ့မုန်းပြီး သီလရှင်ဝတ်သွားတဲ့ဖြစ်ရပ်မှန်ကို ပြောပြချင်ပါတယ်။
“ ပြုလုပ်ခြင်းခံရတာကို နှစ်ဆပြန်ပေးမယ်”
ဆိုတဲ့ခံယူချက်နဲ့အသက်ရှင်ခဲ့တဲ့ စိတ်ဓာတ်ခိုင်မာတဲ့သူမဟာ ဘာကြောင့်သာသနာ့ဘောင်ထဲ ဝင်သွားခဲ့တာလဲ?
အချိန်ကာလမှာ ဆာမူရိုင်းတွေအုပ်ချုပ်တဲ့ အစောပိုင်းကာလဖြစ်သော Muromachi ကာလဖြစ်ပါတယ်။
ယနေ့ခေတ်ရဲ့ Kanagawa စီရင်စုမှာ မွေးဖွားခဲ့တဲ့မိန်းကလေးဟာ နောင်မှာ 慧春尼(えしゅんに) “ အဲရွှန်းနိ” နာမည်နဲ့ သီလရှင်ဝတ်သွားခဲ့ပါတယ်။ နာမည်အရင်းကိုတော့ မသိရပေမဲ့၊ သူမရဲ့မျိုးရိုးနာမည်ကတော့ 藤原 ဖူဂျီဝါရာ လို့ခေါ်ပြီး၊ ထိုအချိန်က ဖူဂျီဝါရာဟာ မင်းမျိုးမင်းနွယ်သွေးပါသူလို့ ယူဆရပါတယ်။
သူမဟာ မြင်သူတိုင်းအံ့သြရလောက်တဲ့အလှတရားနဲ့ အတော်လေး နာမည်ကြီးခဲ့ပါတယ်။
အဲ့ဒီရလဒ်ဟာ ပတ်ဝန်းကျင်ရဲ့ တန်ဖိုးထားခံရခြင်းနဲ့အတူ မနာလိုမုန်းတီးခြင်းတွေလည်းကြုံရပြီး၊ ဒီလောကကြီးကို စိတ်ကုန်စပြုလာပါတယ်။
ဒါနဲ့ပဲ အသက် ၃၀ ကျော်လာတဲ့အချိန်မှာ အကိုဖြစ်သူထံ သာသနာ့ဘောင်ထဲဝင်ဖို့ ဆွေးနွေးအကြံပြုခဲ့ပါတယ်။
သာသနာ့ဘောင်ထဲဝင်တယ်ဆိုတာ တစ်နည်းအားဖြင့် ဗုဒ္ဓဘာသာထဲဝင်ရောက်ခြင်းဖြစ်ပြီး၊ ဆံချခေါင်းရိတ်ကာ သီလရှင်ဝတ်ခြင်းဖြစ်ပါတယ်။
လောကီရေးရာနဲ့အဆက်အသွယ်ဖြတ်ပြီး၊ စိတ်ရောကိုယ်ပါ တရားဓမ္မကို ကျင့်ကြံအားထုတ်သူတစ်ယောက်ဖြစ်ချင်တယ်လို့ သူမဟာ တောင့်တမျှော်လင့်ခဲ့ပါတယ်။
သို့သော် အစ်ကိုဖြစ်သူဟာ အပြင်းအထန်ကန့်ကွက်ခဲ့ပါတယ်။
မင်းက ကိုယ့်ခံယူချက်နဲ့ကိုယ် တရားကျင့်ဖို့ သွားတယ်ဆိုပေမဲ့၊ တစ်ပါးသူအမြင်မှာ
မင်းရဲ့အလှတရားဟာ တရားအားထုတ်သူတွေအတွက် အနှောက်အယှက်ဖြစ်လိမ့်မယ်။
ဒီလိုအလှတရားကိုပိုင်ဆိုင်ထားလို့ အိမ်မှာပဲ အေးအေးဆေးဆေးနေပါ။
ဒီအတောအတွင်း မင်းနဲ့သင့်တော်လိုက်ဖက်မယ့် အမျိုးသားတစ်ယောက် ပေါ်လာပါလိမ့်မယ်။
ဆိုပြီး နားချခဲ့ပါတယ်။
သူမဘယ်လောက်တောင်လှသလဲဆိုရင် တော်ရုံတန်ရုံမပြောတဲ့အကိုဖြစ်သူကတောင် တားယူရပါတယ်။
သို့သော် ဒီနေရာကနေ ပိုပြီးစိတ်ဝင်စားဖို့ကောင်းလာတယ်။
အပူရှိန်ရှိနေတဲ့ ရေနွေအိုးမီးဖိုဘေးကိုချည်းကပ်သွားပြီး၊ မီးသွေးညှပ်တဲ့ သံညှပ်ကိုမီးဖိုထဲထည့်ပြီး နီရဲတောက်နေတဲ့အထိ အပူပေးလိုက်တယ်။
ပြီးတဲ့အခါ ထိုရဲရဲတောက်နေတဲ့ သံညှပ်ကို မျက်နှာပေါ် အကြိမ်ပေါင်းများစွာ ကပ်ချလိုက်ပါတယ်။
ကျမရဲ့ဆုံးဖြတ်ချက်ကို မြင်ပါပြီလား။
ဒီလိုမျက်နှာဖြစ်သွားရင် စကားလာပြောမယ့်လူ မရှိတော့ဘူး။
ညီမဖြစ်သူရဲ့ စုတ်ပြတ်သတ်သွားတဲ့မျက်နှာကိုကြည့်ပြီး သူမရဲ့ဆုံးဖြတ်ချက်ခိုင်မာမှုကို နားလည်သဘောပေါက်သွားတဲ့ အစ်ကိုဖြစ်သူဟာ သာသနာ့ဘောင်ထဲဝင်ဖို့ ခွင့်ပြုလိုက်တဲ့အတွက် “ အဲရွှန်းနိ” ဆရာလေးဟာ သာသနာ့ဘောင်ထဲ ဝင်သွားခဲ့ပါတော့တယ်။
သူမဟာ တရားအားထုတ်မှုမှာ စိတ်ရောကိုယ်ပါနှစ်မြှုပ်ထားပြီး၊ လူတွေကို တရားပြန်ပေးခဲ့ပါတယ်။
သို့သော် သူရဲ့ရာဇဝင်ဟာ ဒီမှာတင်မပြီးသေးပါဘူး…
တစ်နေ့ Kamakura မြို့မှာရှိတဲ့ ဘုန်းကြီးကျောင်းမှာ တရားကျင့်နေတဲ့ ဆရာလေး “ အဲရွှန်းနိ” ကို ကာမဂုဏ်တောက်လောင်နေတဲ့ တဏှာဘုန်းကြီးတစ်ပါးဟာ စောင့်နေခဲ့တယ်။ ထိုညစ်ညမ်းတဲ့ဘုန်းကြီးဟာ ဆရာလေး “ အဲရွှန်းနိ” ရဲ့ရှေ့မှာ မတ်တပ်ရပ်လိုက်ပြီး၊ ၎င်းရဲ့ပေါင်ကြားကိုညွှန်ပြကာ “ ကျုပ်ဟာက ၉၀ စင်တီမီတာတောင်ရှိတယ်” ဆိုပြီး ဂုဏ်ယူစွာနဲ့ပြောခဲ့ပါတယ်။
ဒီကောင် ဘုန်းကြီးတောင် မဖြစ်ထိုက်ပါဘူး…
အဲ့ဒါနဲ့ပတ်သက်ပြီး ဆရာလေး “ အဲရွှန်းနိ” ဟာ မထင်ရဲ့စရာလုပ်ရပ်မျိုးနဲ့ တုံ့ပြန်လိုက်ပါတယ်။
သူမရဲ့အမျိုးသမီးအင်္ဂါကိုပြလိုက်ပြီး “ ကျွန်မရဲ့ဒါကတော့ အဆုံးမရှိဘူး။ ၉၀ စင်တီမီတာလောက်လေးများ စကားထဲထည့်ပြောမနေဘူး” လို့ပြန်ပြောခဲ့ပါတယ်။ ဒါနဲ့ပဲ ရှက်သွားတဲ့ တဏှာဘုန်းကြီးဟာ ထွက်ပြေးသွားပါတော့တယ်။
နောက်ထပ်ရှိပါသေးတယ်။ မျက်နှာမှာမီးလောင်ဒဏ်ရာတွေရှိနေပေမဲ့ သူမရဲ့လှပမှုကတော့ မပျက်စီးသေးတာကြောင့်၊ လာချဉ်းကပ်ကြတဲ့ ဘုန်းကြီးတွေရှိနေတုန်းပါပဲ။
အတင်းအကြပ်လာပတ်သက်တဲ့ ဘုန်းကြီးတစ်ပါးဆို
“ ခင်ဗျားကျွန်တော်ကိုသာလက်ခံပေးမယ်ဆိုရင်၊ ဘယ်လိုပြဿနာပဲဖြစ်ဖြစ် ကျော်လွှားကြမယ်”
လို့တောင် ပြောလာပါတယ်။
ဒါနဲ့ပတ်သက်ပြီးတော့လည်း ဆရာလေး “ အဲရွှန်းနိ” ဟာ ထိုဘုန်းကြီးကိုခေါ်လိုက်ပါတယ်။
လာဖို့ပြောထားတဲ့အခန်းထဲကိုဝင်သွားတဲ့အခါ၊ ဆရာလေးဟာ ကိုယ်လုံးတီးနဲ့စောင့်နေခဲ့တယ်။
“ ရှင်နဲ့ဂတိတစ်ခုလုပ်မယ်။
အခုချက်ချင်းဒီကိုလာပြီး ကျွန်မကိုရှင်ဆန္ဒရှိတဲ့အတိုင်းလုပ်ပါ”
လို့ပြောလိုက်တယ်။
သာသနာ့ဘောင်ထဲဝင်ရောက်ပြီး ဘုရားသားတော်ဘုန်းကြီးတစ်ပါးဖြစ်ဖို့ဆိုတာ လောကီရေးရာတပ်မက်မှုတွေကို စွန့်လွှတ်ရပါတယ်။ အကယ်၍ ဒီအချိန်မှာ တဏှာစိတ်ကိုခွင့်ပြုပြီး ဆရာလေးကိုကျူးလွန်လိုက်မယ်ဆိုရင် သာသနာကနေ ဝိုင်းကြဉ်ခြင်း ပစ်ပယ်ခြင်းကိုခံရမှာဖြစ်ပါတယ်။
ဘယ်လိုပြဿနာပဲဖြစ်ဖြစ် ကျော်လွှားမယ်မဟုတ်လား? ဆိုပြီး သူ့စကားကိုပြန်ပြောလိုက်တဲ့အခါ၊ ဒီတဏှာဘုန်းကြီးလည်း ထွက်ပြေးသွားပြန်ပါတယ်။
နောက်ဆုံး ဆရာလေး “ အဲရွှန်းနိ” ဟာ ထိတ်လန့်စရာအကောင်းဆုံးဇာတ်သိမ်းနဲ့ သူမဘဝကို နိဂုံးချုပ်ခဲ့ပါတယ်။
၁၄၀၈ ခုနှစ် မေလ ၂၅ ရက်နေ့၊ ဘုန်းကြီးကျောင်းအဝင်ဝမှာ သစ်သားသေတ္တာကိုပြုလုပ်ပြီး၊ အဲ့ဒီထဲဝင်ကာ မီးရှို့လိုက်ပါတယ်။ ဒါဟာ ကိုယ့်ကိုကိုယ်မီးရှို့အဆုံးစီရင်ခြင်းပဲမဟုတ် 火定入 滅(かじょうにゅうめつ)လို့ခေါ်တဲ့ ဗုဒ္ဓဘာသာပူဇော်မှုတစ်ခုဖြစ်ပါတယ်။
ကိုယ်တိုင်မီးရှို့ခြင်းဖြင့် မိမိရဲ့လောကီအလိုဆန္ဒအားလုံးကို မီးနဲ့လောင်ကျွမ်းစေပြီး လူ့ဘဝကိုအဆုံးသတ်ခြင်းနဲ့အတူ တရားအားထုတ်မှုကို ပြီးမြောက်စေတယ် ဆိုတဲ့အလွန်ရက်စက်တဲ့ လမ်းစဉ်တစ်မျိုးဖြစ်ပါတယ်။
“ အဆင်ပြေပါ့မလား? မပူဘူးလား?
ဆိုပြီးမေးလာတဲ့ ကြည့်နေကြတဲ့လူတွေကို ဆရာလေးဟာ
“ မီးပူ/မပူဆိုတာ မီးကိုပဲမေးပါ။
မီးဟာပူသလား၊ အေးသလားဆိုတာ လူသားဖြစ်တဲ့ ကျွန်မတော့မသိပါဘူး”
လို့ပြန်ဖြေခဲ့ပါတယ်။
နောက်ဆုံးမီးလောင်ပြာကျပြီး သေဆုံးသွားတဲ့ ဆရာလေး “ အဲရွှန်းနိ” ရဲ့ အရိုးပြာကို ဘုန်းကြီးကျောင်းမှာထားပြီး ကိုးကွယ်ထားကြပါတယ်။…
အားလုံးက မနာလိုဖြစ်ကြတဲ့ ပြိုင်ဘက်ကင်းအလှတရားကိုပိုင်ဆိုင်သူ ထိုမိန်းကလေးမှာ သူမကလွဲပြီး ဘယ်သူမှမသိတဲ့ ပူပင်သောကတွေကို ကြိတ်ခံစားနေရပြီး၊ ထိုစိတ်သောကတွေကပဲ သူမရဲ့ဘဝကို ကြီးစိုးသွားခဲ့တယ်လို့ထင်ပါတယ်။
မူမမှန်သူတစ်ယောက်လို့ထင်ရပေမဲ့၊ ယုံကြည်မှုကို အဆုံးတိုင်သစ္စာစောင့်သွားတဲ့ သူမရဲ့ရပ်တည်ချက်ကိုတော့ စာဖတ်သူတို့ရော ဘယ်လိုခံစားရပါသလဲ?
လူတွေကိုအနှောက်အယှက်ပေးခြင်း၊ ဖျားယောင်းသွေးဆောင်ခြင်းမရှိဘဲ၊ မိမိရဲ့ခံယူချက်အတိုင်း အဆုံးတိုင်လျှောက်လမ်းသွားတဲ့သူမကိုတော့ အမှန်တကယ်လေးစားမိပါတယ်။